ကျွန်မနာမည် Ms. FEC 50 Prepaid Card
မိန်းမချင်း နောက်ကျောကို လက်သည်းဝှက်နဲ့ ကုတ်ခြစ်ဖို့
ဟိုဘက်ခန်းက Ms.Samsung ပေးထားတဲ့ နာမည်ဝှက်
ဒီသတင်း Ms.DVD ဆီက ပြန်ကြားရတော့ နားထဲမှာ စပ်ဖျဉ်းဖျဉ်း၊ ဒါပေမဲ့ ကျွန်မနဲ့ လိုက်ဖက်ပါတယ်
Face book ဖွင့်လိုက်ရင် ကျွန်မ Profile ကို တွေ့လိမ့်မယ်
Y-Generation, 2000 B.Sc,နေ့စဉ် အွန်လိုင်းပေါ်မှာရှိ၊ တရားဝင်လစာ(၆)ပုလင်း
တစ်လကုန်ကျစရိတ် အနည်းဆုံး(၁)ပုံးခွဲ၊ အခု ကျွန်မ သုံးနေတဲ့ ရေမွှေးပုလင်းရဲ့ တန်ဖိုးကိုသိမှ ဆက်သွယ်ပါ
ကိုရီးယား မင်းသမီးစတိုင်လ်Ms.LG ကတော့
မော်ဒယ်ဂဲလ် တစ်ယောက်လို ဓာတ်ပုံအရိုက်ခံရတာ ၀ါသနာပါသတဲ့
ကျွန်မက Photoshop ကျွမ်းကျင်၊ နာမည်ဝှက်တွေ အများကြီးရှိ၊ လူမှုဆက်သွယ်ရေးကွန်ရက်တွေ စိတ်ဝင်စား
ဒေတာတွေ လိုက်ရှာရတာ ၀ါသနာပါ
ဒီနှစ်ထဲမှာ အကြိုက်ဆုံး ဟောလိဝုဒ်ရုပ်ရှင် Educated Sex worker
အင်တာနက်မှာ ဘ၀ကိုပြောင်းလဲသွားစေမယ့် အခွင့်အလမ်းတွေ ရာထောင်ချီ
ဒါတွေမှ မသိရင်ကျွန်မအခန်းထဲက ရေခဲသေတ္တာ ဘယ်သူဒီဇိုင်းအသစ် လာလဲပေးမလဲ
အင်တာနက်နဲ့ ခေတ်သစ်လူမှုကျင့်ဝတ် ကိစ္စတွေ နားစမ်းပါ
ကျွန်မ သူငယ်ချင်း Ms.Gucci တောင် သူ့ အမျိုးသားကိုကျော်ပြီး အဝေးကွင်း သွားကန်ခဲ့သေးတာ
ရာထူးတိုးမြှင့်ရေးစာမေးပွဲအောင်ဖို့၊ ရင်သွေးလေးရဲ့ အနာဂတ်လှပသာယာဖို့၊ ကျွန်မတို့မျိုးဆက်ကရည်မှန်းချက်သိပ်မြင့်တယ်
Ms.Virgin တောင် ဘ၀အာမခံချက်ရဖို့ မနေ့ကပဲ သားကောင် အဖြစ်ခံလိုက်တဲ့သတင်း မကြားဘူးလား
ကိုယ်ကျင့်သီလဆိုတာ အွန်လိုင်းပေါ်က စာသားတွေပါ၊ လူသိမခံချင်တဲ့ အကြောင်းအရာတွေCtrl+A \ Del
ဘာမှ မစိုးရိမ်ပါနဲ့၊ ဘာမှ ရင်လေးမနေပါနဲ့
Pill 72 Tablets ကို လမ်းဘေးဆေးဆိုင်တိုင်းမှာ အလွယ်တကူ ၀ယ်လို့ရနိုင်တယ်
PH-Care သုံးရင် ကိုယ့်စိတ်ကိုယ် လုံခြုံမှုရှိတယ်
ရာသီမမှန်ရင် ကိုယ်ပိုင်ဆေးခန်းကို တက္ကစီငှားပြီး ပြေးသွားလိုက်ရုံပဲ
လိုအပ်တာ မန်းနီး
ကျေးဇူးပြူပြီး ရှင့်ပါးစပ်ကို ပိတ်ထားလိုက်စမ်းပါ၊ ရှင်နဲ့ ကျွန်မ အယူအဆမတူ၊
ကျွန်မတို့ကြားမှာ မျိုးဆက်ကွာခြားမှုရှိနေပြီ
ကဗျာဆရာဆိုပြီး ကျွန်မ လျှို့ဝှက်ချက်ကို ထုတ်ပြဖို့တော့ မစဉ်းစားနဲ့
ခေတ်အပြောင်းအလဲကို အမီလိုက်ရင်လိုက်
ဒါမှမဟုတ် မော်ဒန်ခေတ်အတွေးအခေါ်တွေထဲမှာ အမှောင်ကျနေခဲ့ပေတော့
ကျွန်မ အမြင်တွေ ပြောင်းလဲစေချင်ရင် လွယ်ပါတယ်
မိသားစု လုံခြုံမှုရှိနိုင်မယ့် တိုက်ခန်းတစ်ခန်း၊ ရင်သွေးလေးတွေ ဆော့ကစားဖို့ ကစားကွင်းတစ်ခု
ကျွန်မ လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်မယ့် ချက်လက်မှတ်တစ်စောင်
ကျွန်မဆီမှာ ရှင်လိုချင်တဲ့ မေတ္တာနဲ့ ကိုယ်ခန္ဓာ အချိုးအစား အဆင်သင့်၊ အဆီမတက်အောင် ထိန်းထားတယ်
ရှင့်ဘက်က အဆင်ပြေတဲ့အချိန် ဆက်သွယ်လိုက်လေ၊ ကျွန်မ Email Address ရှင့်ဆီမှာ ရှိတာပဲ။
အောင်ရင်ငြိမ်း
၁၁ မေ ၂၀၁၀
Pill 72 Tablets= အရေးပေါ် ပဋိသန္ဓေကာကွယ်ဆေးတစ်မျိုး၏ အမည်
အောင်ရင်ငြိမ်း
အပျင်းပြေစကားလုံးများနှင့် ဆော့ကစားခြင်း.....
Thursday, 1 July 2010
ခေတ်ပေါ်အချစ်အကြောင်း အဓိပ္ပာယ်ဖွင့်ဆိုချက် အသစ်
အချစ်ဆိုတာ ပိုက်ဆံ၊ အချစ်ဆိုတာ မြေအိုးမြီးရှည်၊ အွန်လိုင်းစာမျက်နှာပေါ် အမြန်ရိုက်ထည့်လိုက်တဲ့ စာသား၊ ဟန်းဖုန်း ကိုင်ချင်တဲ့ ရောဂါ၊ သွယ်ဝိုက်ဖော်ပြသော ပူဆာမှု၊ တစ်နေ့ ဖာလူဒါတစ်ခွက် သောက်ချင်တဲ့ အာသီသ၊ အတွေးအခေါ်ထဲမှာ အမှိုက် မြူမှုန် တစ်စမကျန်၊ ဆေးကြောသန့်စင်ခံ ဦးနှောက်၊ အချစ်ဆိုတာ လိမ်လည်လှည့်ဖြားမှု၊ အချစ်ဆိုတာ လိပ်စာကတ်ပြားနောက်ကျောက အမည်မသိဖုန်းနံပါတ်တွေ၊ ရုပ်ဝတ္ထုနဲ့ အခွင့်အလမ်းနောက် ပြေးလွှားလိုက်ရင်း လမ်းမှာ ပြုတ်ကျကျန်ခဲ့တဲ့ ကိုယ်ကျင့်သီလ၊ ကျွန်တော် ကိုယ်တိုင်ရိုက်ပေးထားတဲ့ ဓာတ်ပုံလှလှလေးအောက်မှာ သူစိမ်းတစ်ယောက်နဲ့။
အချစ်ဆိုတာ စာသားချင်း အပြန်အလှန်မြှူဆွယ်သာယာတဲ့ လူမှုအလေ့အကျင့်၊ အချစ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ထားတဲ့ ယန္တရား၊ အချစ်ဆိုတာ အခြားတစ်ယောက်ရဲ့ ပိုက်ဆံအိတ်ထဲ တစ်စွန်းတစ်စ လှမ်းမြင်နေရတဲ့ ဘ၀အာမခံ၊ ဆေးဆိုင်မှာ အလွယ်တကူ ၀ယ်ရနိုင်တဲ့ ပဋိသန္ဓေ တားဆေး၊ facebook profile မှာ အိမ်ထောင်ရေးအခြေအနေမှန်ကို တမင်လျှို့ဝှက်ဖုံးကွယ်ထားခြင်း၊ ကြောင်းကျိုးမခိုင်လုံသော ဆင်ခြေများ၊ အများ မိုးခါးရေသောက်လို့မှ လိုက်မသောက်ရင် အရူးပဲ ဆိုတဲ့ ယဉ်ကျေးမှု။
ခေတ်ပေါ်စကားလုံးတွေ အဓိပ္ပာယ် ထွေပြား ပြောင်းလဲနေသလို
အချစ်ဟာလည်း အဓိပ္ပာယ်အသစ်တွေ ပြောင်းလဲနေပြီ သိရဲ့လား။
အချစ်ဆိုတာ အတိတ်မေ့ရောဂါ၊ အချစ်ဆိုတာ ဘာသာစကားကို အလှပဆုံး ဆော့ကစားခြင်း၊ အချစ်ဆိုတာ တစ်နေ့ သုံးကြိမ် စိတ်အပြောင်းအလဲ ဖြစ်မှု၊ အိပ်ရာပေါ် ဥပေက္ခာစိတ်နဲ့ ကျောခိုင်းအိပ်စက်ခြင်း၊ အတွင်းခံဘောင်းဘီလှလှ၊ ရင်သားအရွယ်အစားကို အမြင်အာရုံမှောက်မှားမှုဖြစ်စေတဲ့ ဘရာစီယာ၊ လျှို့ဝှက်ထားတဲ့ လူမှုရေးကွန်ယက်များ။
အချစ်ဆိုတာ သွေးသားပြောင်းလဲမှု၊ အချစ်ဆိုတာ နည်းမျိုးစုံနဲ့ ပြသနာလုပ်ခြင်း၊ ကျွန်မ အယူအဆကတော့ တစ်ညတာနဲ့ တစ်လစာ လဲသင့်ရင် လဲရမှာပဲ၊ ဘယ်လိုပဲ ခွဲခြမ်းစိတ်ဖြာကြည့်ကြည့် နောက်ဆုံးထွက်လာတဲ့အဖြေ ပိုက်ဆံ၊ အချစ်ဆိုတာ အသားစိုင်များအပေါ် မိမိကိုယ်ကိုယ် ယုံကြည်ချက်လွန်ကဲမှု၊ မူလလက်ဟောင်းထက် အမျိုးအစားပိုကောင်းတဲ့ ပစ္စည်းအသစ်တွေ ဈေးကွက်မှာ အဆင်သင့်၊ အသိုက်ပျက်တယ်ဆိုတာ ဒီခေတ်ထဲမှာ ဘာမှ မထူးဆန်း။
အချစ်ဆိုတာ
ပိုက်ဆံသာရှိရင် ဆယ်ကျော်သက် အပျိုစင်လိုဖြစ်အောင် အချိန်မရွေး recycle ပြန်လုပ်ပစ်လို့ ရတယ် ဆိုတဲ့
အယူအဆ။
အောင်ရင်ငြိမ်း
၁၀ မေ ၂၀၁၀

Monday, 26 April 2010
အသပြာမျိုးဆက်
မရမ်းဖျော့ရောင်
မျက်မှန်ပေါ်က ကျော်ကြည့်လိုက်တော့
ရှော့ပင်းစင်တာကြီးက သူမကို ဖိတ်ခေါ်နေဟန် ပြိုးပြက်
သူမရဲ့ အိုအေစစ်။
အပြင်လမ်းမပေါ်
လူအများ တိုးဝှေ့သွားလာနေကြ
ပျံကျဈေးလို
ရယ်မောသံ၊ ရန်ဖြစ်သံတွေလည်းမရှိ
ဘတ်စ်ကားတွေရဲ့ တကျွီကျွီဘရိတ်နင်းသံတွေလည်း
မှန်လုံခန်းထဲကို ထိုးဖောက်ဝင်မလာနိုင်။
နေကာမျက်မှန်ကိုချွတ်
အရောင်းကောင်တာကို မျက်စိတစ်ဝဲကြည့်လိုက်
ဒီဇိုင်းသစ် တံဆိပ်သစ်တွေက စိတ်ကို လာဆွနေ
တစ်လတစ်လကို
ဒေါ်လာ ၄ထောင်ဖိုး ပုံမှန်သုံး
တရုတ်ပြည် ပျှမ်းမျှလစာနဲ့ နှိုင်းယှဉ်ရင်
အဆ ၁၃၀ ခန့်။
ငွေကို
ရေလိုသုံးနေတဲ့ ကလေးမလေးရဲ့နာမည်
မဂ္ဂီကောင်း
သူတို့ဘ၀မှာ တိမ်ညွန့်စား လရထားစီး
မိဘတွေက
ခေတ်သစ်နဲ့အတူ မွေးဖွားလာတဲ့
ဘိဇနက်လောကသားများ။
ကာလတိုအတွင်း မတရားချမ်းသာလာတော့
ငယ်ပေါင်းဇနီးနဲ့ ကွဲသွား
အဖေက
ရှန်ဟိုင်းမြို့ပေါ်က ကြေးအကြီးဆုံး
ပုဂ္ဂလိကကျောင်းမှာအပ်ပေး
ကျွန်မကျောင်းလစ်တာ အလကားမဟုတ်ဘူး
အဖေ့ငွေတွေကို ဖြုန်းချင်လို့
အစေခံတွေနဲ့ နေရတဲ့ဘ၀ကို ငြီးငွေ့လှပြီ
ရှော့ပင်းမထွက်ရ မနေနိုင်၊ ရှော့ပင်းကို စွဲနေပြီ
အကောင်းစား သားရေပြားအိတ်ကြီးထဲမှာ
ဟောင်ကောင် ပေါ့ပ် အဆိုတော်
အက်ဒီဆင်ရဲ့ ဓာတ်ပုံ။
ဘရစ်တနေစပီးယားနဲ့ အမ်မီနမ်တို့သာ
သူတို့ရဲ့ နိစ္စဓူဝသံစဉ်
နောက်ဆုံးပေါ် ဖက်ရှင်ကို ခါးကမချသလို
နောက်ဆုံးပေါ် ဂီတကိုလည်း ခါးကမချ
ပါးစပ်က
တွေ့ကရာတွေ အော်ပစ်လိုက်။
အသစ်အဆန်းမှန်သမျှ စိတ်ဝင်စား
ဒုက္ခဆိုတာ
ချိုနဲ့လားလို့ မေးရလောက်အောင် အဆင်ပြေနေတဲ့
မျိုးဆက်
အိုင်ဒီယာသစ်ဖို့ကိစ္စ တစ်ခါမှ မတွေးဖူး။
ကုန်းတွင်းပိုင်းဒေသနဲ့
အစွန်အဖျားက လူငယ်တွေကတော့
ပြင်းထန်တဲ့ စီးပွားရေးစိန်ခေါ်မှုတွေအောက်မှာ
လူငယ်ဘ၀ ပျောက်ဆုံးသလိုဖြစ်နေ။
ဒီခေတ်ကြီးရဲ့ သင်္ကေတက
မော်စီတုန်းမဟုတ်
အသပြာ
စီးပွားရေး တံခါးဖွင့် ၀ါဒနဲ့
ကလေးတစ်ယောက် ပေါ်လစီက မွေးထုတ်ပေးလိုက်သော
ပထမဆုံးသားသမီးများ။
ကျွန်မကတော့
စိတ်တွေသိပ်ညစ်လာရင်
ချိုလိမ်လေးကို ပါးစပ်ထဲ ထည့်ပစ်လိုက်တာပဲ
လွတ်မြောက်ရေးစစ်ပွဲကို သူတို့မသိ
တော်လှန်ရေးဆိုတာ အိပ်ရာဝင်ပုံပြင်ထက် ဘာမှမပို
မျိုးဆက်ဟောင်းရဲ့ ရဲဘော်စိတ်ကို နားမလည်
ကွန်ဖြူးရှပ်ရဲ့
လောကသာရကိုလည်း စိတ်မ၀င်စား။
ကိုယ်ကျိုးစီးပွား
မိုးပေါ်အမြဲပျံဝဲနေစေဖို့
အရေးကြီးတာက ငွေကြေးနဲ့ အဆက်အသွယ်
ငွေမရှိလို့ ဘယ်လိုမှမဖြစ်
ငွေဆိုတာ အပျော်မို့လား။
ရှန်ဟိုင်းလူငယ်တွေဟာ
နက်သထက်နက်လာတဲ့ ဆင်းရဲချမ်းသာကွာဟမှု
ချောက်ကမ်းပါးကြီးထိပ်မှာ ရပ်နေသူတွေ
သူတို့
ချောက်ကမ်းပါးကြီးကို ယောင်လို့တောင် ငုံ့မကြည့်။
ဂန္တ၀င်ကို သူတို့စိတ်မ၀င်စား
သူတို့ရှာဖွေနေတာက စတိုင်သစ်ဖို့
သူရဲကောင်းတွေဆိုရင်
ဒဏ္ဍာရီပုံပြင်လာ ဟီးရိုးများသာ။
မျက်မှောက်ပြုနေရတဲ့
လူမှုအပြောင်းအလဲတွေမှာ နိုင်ငံရေးမပါ
အကောင်းဆုံးကျောင်းမှာတက်ခဲ့ပေမယ့်
ကိုးတန်းမအောင်ပါ။
ကော်နက်ရှင်က စာသင်ခန်းထဲမှာမရှိဘူး
ကပွဲမှာမှ ရှိတာ
မိဘတွေရဲ့ ချစ်ခြင်းအားလုံးနဲ့
ငွေကြေးအထောက်အပံ့ အလျှံပယ်ရရှိနေသူများ
သူ့အဖေမှာ
မာမီလေးတွေ မာမီလတ်တွေ အများကြီး။
ဟိုတယ်မယ်လေးကို
မျက်စိတစ်ဖက်မှိတ်ပြရင်း
နှုတ်ခမ်းပေါ်လက်နှစ်ချောင်းဝဲပြ
ခွင့်ပေးရင် ချစ်ချင်ပါတယ်… ချစ်ပြီးရင်သွားမှာနော်ကွယ်
အိုး… မင်းသဘောအတိုင်းပဲ
မမက
ပွဲတက်ကကွက်သာမက
ဘ၀ဇာတ်ခုံပေါ် အသုံးတည့်မယ့် ကကွက်မျိုးစုံသင်ပေး။
ပေါ်ပင်ဖက်ရှင်တွေအတွက် ရေခံမြေခံကောင်းတစ်ခု
ငွေတွေ ရေလိုစီးနေတယ်။
လူ့မလိုင်ခဲလေးများဆုံစည်းရာ
ဒေါ်လာကို အတောင်တပ်ထားတဲ့
ဆောင့်ကြွားကြွား ချာတိတ်တွေ မမြင်ချင်အဆုံး။
တချို့ ရန်ဖြစ်၊ တချို့ မှောင်ရိပ်ခို
ချာတိတ်နှစ်ယောက်က
ဂေါက်သီးကစားနည်းအကြောင်း အော်ကျယ်အော်ကျယ်
မူးယစ်ဆေးဝါးနဲ့ ဒုစရိုက်မျိုးစုံ
မှိန်ပျပျမီးရောင်နဲ့ တိုးညင်းညင်း ဂီတသံအောက်မှာ ပျောက်နေ
တေးသံက
လူငယ်တွေရဲ့ တစ်ညတာ ဆက်ဆံရေးကို
ပြောပြနေသယောင်။
ဘာရယ်မဟုတ်ပါဘူး.. စိတ်အပြောင်းအလဲပေါ့နော်
တစ်လအတွင်း ဆံပင်ရှစ်ခါ အရောင်ပြောင်းဆိုးသူ
ယုံကြည်မှုတွေ ပြိုကျရာက
ဆိုဆုံးမရခက်တဲ့ ကလေးတွေ များသထက်များလာ။
စိတ်ပညာရှင်တချို့က
ပုံပန်းပျက်လာတဲ့ မိသားစုတန်ဖိုးတွေနဲ့
မိဘ သားသမီး ဆက်ဆံရေးကို ထောက်ပြကြ
အိမ်ထောင်ရေးဘဝ
အလှုပ်အရမ်းများလာတယ်။
ကျွန်မ အသည်းနှလုံးက
တစ်ခုခုကို ကြာကြာလက်မခံတတ်ဘူးရှင့်
အပေါ်ယံကြည့်ရင်
တကယ့်အမေရိကန်ပုံတူ
ပေါ့ပ်ဂီတကို ခံတွင်းတွေ့သူများ
ဂလိုဘယ်ဘ၀ဟန်ပန်နဲ့ အသားကျသူများ
စီးပွားရေး ပေါ်လစီကို
သံသယမရှိ လက်ခံနိုင်သူများ။
မိုးကို ဒူးနဲ့တိုက်ဖို့ မစဉ်းစား
ဝါသနာမပါ
အင်္ဂလိပ်စကား ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်
လူငယ်မျိုးဆက်တွေအကြား
ဖြစ်ပေါ်နေတဲ့ အိုင်ဒီယာကွက်လပ်ကြီး။
သူတို့ကို ကြည့်ရတာ ကမ္ဘာကြီးနဲ့ ပိုနီးလာသလိုပဲ
တခြားဒေသက ကလေးတွေနဲ့တော့ ဝေးဝေးလာတယ်
ပစ္စုပ္ပန်မှာ ပျော်သလိုနေကြပြီး
အနာဂတ်ပျောက်နေတဲ့ ကိစ္စ
ဘ၀ကို လွယ်လွယ်လေးတွေး ပေါ့ပေါးလေးရင်ဆိုင်
ဒါနဲ့
မာမီလေးတို့ မာမီလတ်တို့ရော နေကောင်းလား
အတိတ်ကို လွမ်းနေကြသူများမဟုတ်သလို
အနာဂတ်အတွက် ပူပင်ကြောင့်ကြနေသူတွေမဟုတ်
သူတို့ သရုပ်ကို
သမိုင်းနဲ့ ပုံဖော်လို့ မဖြစ်နိုင်
လားရာအမြင်နဲ့ ပုံဖော်လို့ မရနိုင်။
ဒီနေ့ ကလေးတွေကိုကြည့်ရင်း
ဘယ်အချိန်မိုးပြိုမလဲလို့ မထိတ်သာမလန့်သာ ဖြစ်နေရပြီဗျာ
ပီကင်းအခြေစိုက်
လူမှုဗေဒပညာရှင် တစ်ဦးရဲ့ညည်းချင်း
လူငယ်တွေရဲ့ အမှတ်အသားသရုပ်ကို အခုထိမဖမ်းဆုပ်နိုင်သေး။
အောင်ရင်ငြိမ်း
ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်း
ဖေဖော်ဝါရီလ 2010 ခုနှစ်
(ဆရာကျော်ဝင်း၏ အသပြာမျိုးဆက် ဆောင်းပါး မူရင်း Newsweek မဂ္ဂဇင်း The kids are not allright by Brook Larmer ၏ စာသားများ)

ကဏ္ဍ -
ကဗျာရှည်
Sunday, 25 April 2010
အိပ်မက်ထဲမှာ အပြေးအလွှား
အပြင်လောကရဲ့အမှောင် အိပ်မက်ထဲထိထိုးကျနေတယ်၊ လက်တွေ့ဘ၀က ထွက်ပြေးသွားဖို့ လမ်းညွှန်၊
လောကအပြင်ဆီ ရောက်သွားနိုင်မယ့် လမ်းသွယ်များ၊ ပင့်ကူမျှင်တွေနဲ့ ဟင်းလင်းပြင်၊ တစ်စုံတစ်ယောက်ဟာ
နောက်ကျောဆီက ချောင်းမြောင်းကြည့်နေသလို၊ နာရီလက်တံများ တစ်ချိန်တည်းရပ်တန့်နေကြ၊
အသံမထွက်တဲ့ စန္ဒရားတွေ၊ စက်နှိုးမရတဲ့ မော်တော်ဆိုင်ကယ်တွေ၊ အမြဲလွဲချော်နေတဲ့ အချိန်ဇယားတွေ၊
လေဟာနယ်ထဲ အော်သံတစ်ခု ပဲ့တင်မျောလွင့်၊ ကန္တာရပန်းပွင့်များ စက်ယန္တရားဆန်ဆန် ဖူးပွင့်လာ၊
ကမ္ဘာမြေဆီက ပန်းထွက်လာတဲ့လိမ္မော်၊ သစ်ပင်တွေဆီက အရည်ပျော်လာတဲ့ အစိမ်း၊
အက်ဆစ်မိုးတိမ်တွေဆီက မီးခိုး၊ အရောင်တွေအောက် လူတစ်ယောက်နစ်မြုပ်သွား၊ မီးလောင်ပြင်ထဲ
သားရဲတိရစ္ဆာန်တွေ ပြေးလွှားအော်ဟစ်၊ ကိုယ်တစ်ပိုင်းပြတ် ရုပ်တုတွေ၊ အတိတ်ဘသ ရုပ်ပုံလွှာတွေ၊ နံကြားထဲ
စိုက်ဝင်နေတဲ့ ဓားမြောင်တွေ၊ တစ်နေရာရာမှာ အလင်းရောင်ရှိနေမလား၊ နတ်မိစ္ဆာများရယ်သံ၊
အော်ဂလီဆန်စရာ အနံ့အသက်နဲ့၊ ကိုယ်ခန္ဓာထဲ ဖြတ်ဝင်သွားတဲ့မိန်းမ ကိုယ်ခန္ဓာ၊ ထူးခြားဆန်းကြယ်
ဖောဌပ္ပအာရုံ၊ အိပ်မက်နှင့် အစစ်အမှန်နယ်ခြားမျဉ်းများ ရောထွေး၊ မိုးပျံပူဖောင်းတွေ တစ်လုံးပြီးတစ်လုံး
ပေါက်ကွဲ၊ ဘာသာစကားရဲ့ ပရိယာယ်၊ အန္တရာယ်မှ လွတ်ကင်းရာသို့ အမြန်ပြောင်းရွှေ့ပါ၊ အချက်ပြမီးရောင်၊ အဆုတ်ထဲမှာ ကာဗွန်မိုနော့ဆိုက်တွေ ပြည့်နေပြီ၊ အသက်ဇီဝဟာ လည်ချောင်းဝမှာ တစ်ဆို့နေ၊
တစ်ဟုန်ထိုးကြွေကျသွားတဲ့ ကြယ်တံခွန်များ၊ လေယာဉ်ပျံတွေ အုပ်ဖွဲ့ပျံသန်းလာ၊ ဒီနေရာက အမြန်ထွက်ခွာမှ
ဖြစ်မယ်၊ ကောင်းကင်ပေါ် ကိုယ်ခန္ဓာပျံဝဲ၊ ကျောက်ဆောင်ကျောက်သား ပိရမစ်များဖြတ်ကျော်၊ ချော်ရည်ပူတွေ
ဖြာထွက်နေတဲ့ ရေပန်းများ၊ မကောင်းဆိုးဝါးသင်္ကေတများ၊ လင်းနို့လိုဏ်ဂူများ စဉ်ဆက်မပြတ်၊ ဆွဲငင်သော
ဝင်္ကပါမှအလွန်၊ နေရောင်ရဲ့ သဲလွန်စကိုမြင်ရပြီ၊ ရုတ်တရက် မီးတောင်သေများပေါက်ကွဲ၊ သံသရာမှ
လွတ်မြောက်အောင် ခုန်ထွက်ရာ၊ ကိုယ်ခန္ဓာဆဲလ်များ တစ်စစီပြိုလွင့်၊ မီးခိုးငွေ့တွေလို၊ ကျွန်တော်ဟာ
သေခြင်းတရားဆီ အငွေ့ပျံသွားတဲ့ သုညအမှုန်လေးတစ်မှုန်။

ကဗျာ
Friday, 23 April 2010
ခေတ်ပြိုင်စက်ရုပ်တွေအသံတစ်သံတည်း
ငါ့အဆင့်အတန်း၊ ငါ့ပိုက်ဆံ၊ ငါ့ကိုယ်ရည်ကိုယ်သွေး၊ ငါ့အမျိုးသား၊ ငါ့အကျိုးစီးပွား၊ ငါ့စိတ်ကူး၊ ငါ့အသိဥာဏ်၊ ငါ့အိမ်ထောင်ရေး၊ ငါ့ချစ်ခြင်းမေတ္တာ၊ ငါ့လက်ကိုင်ဖုန်း၊ ငါ့ဇိမ်ခံကား၊ ငါ့အနုပညာ၊ ငါ့ခွေးစုတ်ဖွားလေး၊ ငါ့အိပ်မက်၊ ငါ့တိုက်ခန်း၊ ငါ့ဖိနပ်၊ င့ါရွှေငါးလေး၊ ငါ့အစီအစဉ်၊ ငါ့အဆက်အသွယ်၊ ငါ့အကူအညီ၊ ငါ့အသိုက်အ၀န်း၊ ငါ့ပညာ၊ ငါ့ဂုဏ်ဒြပ်၊ ငါ့အမြော်အမြင်၊ ငါ့ဆံပင်ပုံစံ၊ င့ါဒီဇိုင်း၊ ငါ့ရည်မှန်းချက်၊ ငါ့အနာဂတ်၊ ငါ့ဇာတ်လမ်းပမာ၊ ငါ့ဖက်ရှင်၊ ငါ့အလားအလာ၊ ငါ့အောင်မြင်ကျော်ကြားမှု၊ ငါ့သူငယ်ချင်း၊ ငါ့အတ္တ၊ ငါ့လွတ်လပ်မှု၊ ငါ့ကိုယ်ပိုင်အမှတ်အသား၊ ငါ့အကြောင်းအရာ၊ ငါ့ပုံသဏ္ဍာန်၊ ငါ့စကားလုံး၊ ငါ့ရှုထောင့်၊ ငါ့ရုပ်နာမ်၊ ငါ့စစ်ပွဲ၊ ငါ့အကြမ်းဖက်မှု၊ ငါ့နာမည်၊ ငါ့သရုပ်သကန်၊ ငါ့အချစ်တော်၊ ငါ့ဝေစု၊ ငါ့အတွင်းခံဘောင်းဘီ၊ ငါ့ ၃၂ ကောဋ္ဌာသ၊ ငါ့အယူအဆ၊ ငါ့ကဗျာအမျိုးအစား၊ ငါ့မိသားစု၊ ငါ့တီဗွီ၊ ငါ့ပျော်ရွှင်မှု၊ ငါ့သမ္ဘာ၊ ငါ့သမိုင်းဖြတ်သန်းမှု၊ ငါ့အတွေ့အကြုံ၊ ငါ့အဆောက်အအုံ၊ ငါ့ဈေးကွက်၊ ငါ့စီးပွားရေး၊ ငါ့ဝတ္တု၊ ငါ့ဂီတ၊ ငါ့နယ်ပယ်၊ ငါ့ဧရိယာ၊ ငါ့အရေးအသား၊ ငါ့ကုမ္ပဏီ၊ ငါ့စီမံခန့်ခွဲမှု၊ ငါ့လက်ရေး၊ ငါ့ရုပ်ရည်၊ ငါ့လိင်ဆွဲဆောင်မှု၊ ငါ့ပစ္စည်း၊ ငါ့ပါးပြင်၊ ငါ့စံပယ်တင်မှဲ့လေး၊ ငါ့အရေပြား၊ ငါ့နိုင်ငံတကာအဆင့်မီ၊ ငါ့ဘာသာစကားကျွမ်းကျင်မှု၊ ငါ့စီမံကိန်း၊ ငါ့ယန္တရား၊ ငါ့အသက်၊ ငါ့အန္တရာယ်၊ ငါ့ကိုယ်ငါကာကွယ်မှု၊ ငါ့အတ္တဗဟိုပြုမှု၊ ငါ့ရှေ့ရေး၊ ငါ့စိတ်မလုံခြုံမှု၊ ငါ့ပစ္စုပ္ပန်၊ ငါ့ကိုယ်ခန္ဓာအချိုးအစား၊ ငါ့အားနည်းချက်၊ ငါ့အမှန်တရား၊ ငါ့ဘ၀အာမခံ၊ ငါ့ဂိုဏ်းဂဃ၊ ငါ့ဆရာတပည့်၊ ငါ့မှားယွင်းလွဲချော်မှု၊ ငါ့ကိုယ်ကျင့်သီလ၊ ငါ့ကောင်းမှုကုသိုလ်၊ ငါ့ပါဝါ၊ ငါ့အသွင်ပြောင်းလဲမှု၊ ငါ့မြေပုံလမ်းညွှန်၊ ငါ့သြဇာအာဏာ၊ ငါ့သင်ကြားပို့ချချက်၊ ငါ့ကံကြမ္မာ၊ ငါ့သစ္စာစကား၊ ငါ့အနိစ္စ၊ ငါ့ဘုရားသခင်၊ ငါ့ကြက်ဥပုပ်၊ ငါ့အလုပ်အကိုင်၊ ငါ့အခွင့်အလမ်း၊ ငါ့ဟမ်ဘာဂါ၊ ငါ့ထင်မြင်ယူဆချက်၊ ငါ့အပေါင်လက်မှတ်၊ ငါ့ဆင်ခြင်တုံတရား၊ ငါ့ငွေစက္ကူ၊ ငါ့ဖုန်းနံပါတ်၊ ငါ့လိပ်စာကတ်၊ ငါ့ User name၊ ငါ့ password၊ ငါ့လျှို့ဝှက်ချက်၊ ငါ့ရည်းစား၊ ငါ့တစ်ကိုယ်ရေအာသာဖြေမှု၊ ငါ့လိင်ဆက်ဆံဖော်၊ ငါ့ဘ၀အခြေအနေ၊ ငါ့အပန်းဖြေနည်း၊ ငါ့ကိုယ်အလေးချိန်၊ ငါ့အကြိုက်၊ ငါ့စိတ်ဖိစီးမှု၊ ငါ့စတိုင်လ်၊ ငါ့ဘ၀ဟန်ပန်၊ ငါ့ဂုဏ်သိက္ခာ၊ ငါ့အနေအထား၊ ငါ့ဖြစ်တည်မှု၊ ငါ့အသားအရောင်၊ ငါ့အရိုးခေါင်း၊ ငါ့နိုင်ငံရေး၊ ငါ့ရိုးရာအစဉ်အလာ၊ ငါ့ဘာသာ၊ ငါ့ဖျော်ဖြေမှု၊ ငါ့လိုအင်ဆန္ဒ၊ ငါ့ရာခိုင်နှုန်း၊ ငါ့ကော်မရှင်၊ ငါ့တီထွင်ဆန်းသစ်မှု၊ ငါ့သွင်ပြင်လက္ခဏာ၊ ငါ့မှတ်ဥာဏ်၊ ငါ့လှည့်ကွက်၊ ငါ့လုပ်ကြံဖန်တီးမှု၊ ငါ့အကွက်အဆင်၊ ငါ့အခုန်အပျံ၊ ငါ့အကျော်အလွှား၊ ငါ့ကစားနည်း၊ ငါ့မဟာဗျူဟာ၊ ငါ့အမိုက်အမှောင်၊ ငါ့အလိုမပြည့်မှု၊ ငါ့အဇ္ဈတ္တ၊ ငါ့တန်ဖိုးစံနှုန်း၊ ငါ့မျှော်မှန်းလစာ၊ ငါ့နိုင်ငံခြားခရီးစဉ်၊ ငါ့အသက်အရွယ်၊ ငါ့ရောဂါရာဇ၀င်၊ ငါ့အနတ္တ၊ ငါ့နိဗ္ဗာန်၊ ငါ့ရှေ့ဟောင်းနှောင်းဖြစ်၊ ငါ့ဆေးစစ်ချက်မှတ်တမ်း၊ ငါ့နောက်ဘ၀၊ ငါ့မျှော်လင့်ချက်၊ ငါ့ဘဏ်စာရင်း၊ ငါ့တရားဓမ္မ၊ ငါ့ပိုင်ဆိုင်မှု၊ ငါ့အတွင်းရေးမှူး၊ ငါ့ကာမပိုင်၊ ငါ့ကွန်ယက်၊ ငါ့အဖွဲ့အစည်း၊ ငါ့ကျမ်းစာအုပ်၊ ငါ့လူမှုဝန်းကျင်၊ ငါ့အရှိတရား၊ ငါ့မိတ္တူ၊ ငါ့ကြော်ငြာ၊ ငါ့လက်စွဲဆောင်ပုဒ်၊ ငါ့မသိစိတ်၊ ငါ့စရိုက်သဘာဝ၊ ငါ့ဒဏ်ရာ၊ ငါ့ဝမ်းနည်းကြေကွဲမှု၊ ငါ့အယ်လ်ဘမ်၊ ငါ့ကိုယ်ရေးအကျဉ်း၊ ငါ့အတွင်းရေး၊ ငါ့ကိုယ်ရေးကိုယ်တာ၊ ငါ့ င၊ ငါ့ ငါ၊ ငါ့ ငါး၊ ငါ့ င၊ ငါ့ ငါ၊ ငါ့ ငါး၊ ငါ့ င၊ ငါ့ ငါ၊ ငါ့ ငါး၊ ငါ့ င၊ ငါ့ ငါ၊ ငါ့ ငါး၊ ငါ့ င၊ ငါ့ ငါ၊ ငါ့ ငါး၊ ငါ့ င၊ ငါ့ ငါ၊ ငါ့ ငါး၊ ငါ့ င၊ ငါ့ ငါ၊ ငါ့ ငါး၊ ငါ့ င၊ ငါ့ ငါ၊ ငါ့ ငါး၊ ငါ့ င၊ ငါ့ ငါ၊ ငါ့ ငါး၊ ငါ့ င၊ ငါ့ ငါ၊ ငါ့ ငါး။
အောင်ရင်ငြိမ်း
အောင်ရင်ငြိမ်း
ကဏ္ဍ -
ကဗျာ
Saturday, 16 January 2010
အစွဲအလမ်းနဲ့ လေလွင့်သူ
အလွမ်းတွေ မီးလောင်ရာ လေပင့်
အချစ်က လွှင့်ပစ်လိုက်တဲ့အတိုင်း
ကြုံရာကျပန်း
လက်လွတ်စပယ်
အသုံဲးပုပြီးသား ပလတ်စတစ်အိတ်လိုလွင့်တယ်။
အချစ်က
အတွေးမှာ လောင်ကျွမ်းနေတဲ့မီးလျှံ
အနုပညာမှာ စိုက်ဝင်နေတဲ့ ဓား ။
အချစ်က
စိတ်မှာ မြုံနေတဲ့ အနာအဆာ
အစွဲအလမ်းမှာ စွဲကပ်နေတဲ့ ရောဂါပိုးမွှား။
အစိမ်းလတ်လတ် ခံစားမှုနဲ့
သင်္ခါရကို မျက်နှာလွှဲခံပစ်လို့
အချစ်ရေးမှာ
ဆေးမင်ကြောင်လို စုတ်ထိုးမိခဲ့သူ ။
နှစ်ကိုယ့်တစ်စိတ်
ပွင့်ခဲ့သောပန်းတွေ မဝေတော့
မွှေးခဲ့သော မီးတွေ မငြိမ်းတော့
တစ်ပိုဒ်ချို တစ်ပိုဒ် ခါး
စုံတွဲသီချင်းတွေရဲ့ အရသာ
မီးလောင်နေတဲ့ အသံမှာ မျက်ရည်စိုခဲ့ပြီ။
အချစ်ရဲ့
အ၀ါရောင် ဆင်းရဲခြင်းအနုပညာ
တစ်သက်မှာတစ်ခါဖြစ်တဲ့ စိတ္တဇ
သူ့ အာဃာတမှာ
ဝမ်းနည်းခြင်းတွေ ရိုးမြေကျအောင် လောင်ခဲ့တယ်။
အောင်ရင်ငြိမ်း
Faces မုခ မဂ္ဂဇင်း၊ ဧပြီ၊ ၂၀၀၃

မဂ္ဂဇင်းကဗျာ
Thursday, 14 January 2010
ငါအသစ်ဖွဲ့နွဲ့ရတဲ့ အိပ်မက်ကမ္ဘာပျောက်ဆုံးခြင်း
အနာအဆာနဲ့
မီးလျှံမပါတဲ့စာသားတွေ စဉ်းစားတယ်
အနာအဆာနဲ့
မီးလျှံပါတဲ့စာသားတွေပဲ ထွက်လာတယ်။
ငါရေးမယ့်ကဗျာ
ဘယ်လိုအနုပညာနဲ့ ဘယ်လိုကဗျာဆန်နိုင်တော့မလဲ။
“မီးလောင်နေတဲ့အသံ” ပြာကျပြီး
မင်းဟာ
ငါ အသစ်မက်မိတဲ့အိပ်မက်၊ ငါ အသစ်တွေ့ထားတဲ့ကမ္ဘာ
အခု ငါ အသစ်ဖွဲ့နွဲ့ရတဲ့ အိပ်မက်ကမ္ဘာပျောက်ဆုံးခြင်း။
ငါက
ဆံပင်ပုံစံပျက်ရင်တောင် ကမ္ဘာပျက်မတတ် ခံစားတတ်တဲ့လူ
သစ်ရွက်ကြွေရင်တောင် ဝမ်းနည်းစိတ်နဲ့ မီးလောင်လွယ်တဲ့လူ
မင်းမရှိတဲ့အခါ
ငါ့ကိုယ်ငါ ဘယ်လိုအထူးပြုရမလဲ မသိတော့။
မင်းဟာ
အရင်က ဘာမှမရှိတဲ့ စာရွက်လွတ်တစ်ရွက်
အခု ငါ့ဘဝတန်ဖိုးတွေ ပုံနှိပ်ထားတဲ့ စာရွက်စာတမ်း
အိပ်မက်ညိုရယ်
မင်းနာမည်မကြားရတော့ မင်းနာမည်ခေါ်ပြီး လွမ်းရတယ်
မင်းမျက်နှာမမြင်ရတော့ မင်းမျက်နှာမြင်ပြီး ကျွမ်းရတယ်။
“ကျွန်မဟာ
အချစ်မှာ မိုက်မဲမိတဲ့ နံရိုးတစ်ချောင်းပဲ”
ငါ့နှုတ်ခမ်းမှာ
မင်းအနမ်းနဲ့ ရေးထိုးသွားတဲ့ ဆေးမင်ကြောင်။
“အချစ်က အမှန်တရားဖြစ်လာတဲ့အထိ
ကျွန်မတို့ မိုက်မဲကြမယ်”
ငါ့လက်သန်းမှာ
မင်း လက်သန်းလေး ချိတ်သွားတဲ့သင်္ကေတ။
နောက်ကြောင်းပြန်သမျှ အရာရာ
လူကို ရူးသွပ်စေတဲ့ အကြောင်းအရာတွေ။
ကံကြမ္မာက
ငါတို့အိပ်မက်ကို မြစ်တစ်ဖက်ကမ်းစီ ခွဲခြားပြီးတဲ့နောက်
လူဟာ ရင်ဟင်းလင်းနဲ့ လမ်းတကာလွင့်လို့
အာရုံမှာ အဝါရောင်မီးစုန်းတွေ သွေးပျက်ဖွယ်။
မင်းမရှိပေမယ့် ငါရှိခဲ့တယ်
ငါရှိခြင်းမှာ စိတ်ဒုက္ခဟာ တောမီးလိုတောက်လောင်လို့
ဒီအဖြစ် မင်းမသိပေမဲ့ ငါသိခဲ့တယ်။
တစ်ခုခု ခံစားနေချိန်မှာ
လူဟာ အထီးကျန်ပဲ
ဘာအပိုအလျှံမှ မလို
တစ်ယောက်တည်းနဲပဲ စကြာဝဠာတစ်ခုစာ ပြီးပြည့်စုံတယ်။
တစ်ချိန်က
နှစ်ယောက်အတူ ရှိခဲဖူးတဲ့ အခန်းထဲက အဓိပ္ပာယ်တွေ
ငါလိုက်ရှာတယ် သဲလွန်စမတွေ့တော့။
တစ်ချိန်က
နှစ်ယောက်အတူ ရှင်ခဲ့ဖူးတဲ့ အသက်မှာ အလှအပရှိတယ်
အခု ငါ့အသက်မှာ ဘာမှမရှိတော့။
အနာတရတွေနဲ့ လိပ်ပြာ
အနာတရတွေနဲ့
အ
သက်
ဆက်
ရ
ပြန်
ပြီ။
ငါက အသိုက်ပျက်ဖူးတဲ့ ငှက်တစ်ကောင်
အသည်းကွဲခြင်းမှာ ပဲ့တင်ထပ်အောင် သေပွဲဝင်ခဲ့သူ
ငါ့မီးငါ အပူမခံနိုင်တော့တဲ့အဆုံး
အဖြစ်အပျက်အားလုံးကို တရားနဲ့ဖြေရတယ်။
ခံစားမှုနဲ့ရန်ဖြစ်နေတဲ့ ဆင်ခြင်တုံတရား
ကြေကွဲမှုဟာ သူ့ကိုယ်သူဆုံးမသွန်သင်လို့
အသက်ဆန့်ငင်နေတဲ့ လူနာ။
“ကျွန်မသိပြီ
ကျွန်မ ရှေ့ဆက်မမိုက်မဲချင်တော့ဘူး”
ငါ့စိတ်မှာ မီးသွေးနဲ့ခြစ်သွားတဲ့ မိန်းမလက်ရေး
ငါ့ဘဝထဲ တစ်နာရီမိုင်ရှစ်ဆယ်နှုန်း မောင်းဝင်ပြီး
ဘက်ဂီယာထိုးသွားတဲ့ ချစ်ခြင်းမေတ္တာ
မိန်းမတစ်ယောက်ရဲ့ သစ္စာတရားဟာ
ပဋိသန္ဓေကာကွယ်ဆေးလို သုံးလပဲ အာမခံသတဲ့လား။
အချစ်က
ဂျော်ဒန်နိုးဝမ်းဆက်မြင်ရင် မျက်လုံးတွေအရောင်အဝါလင်းလက်လို့
ဘဝရှေ့ရေးတွေးမိရင် သွေးဆုတ်လေဖြန်းသွားတတ်တဲ့ရောဂါ။
“အချစ်က အမှန်တရားဖြစ်လာတဲ့အထိ
ကျွန်မတို့ မိုက်မဲကြမယ်” တဲ့
ကမ္ဘာပေါ်မှာ ရယ်စရာအကောင်းဆုံးပြက်လုံးပဲ
ရယ်မောကြ
အချစ်ကို မျက်ကန်းယုံကြည်မိခဲ့သူ
လူညံ့တွေ ငါနဲ့အတူ စိတ်နာလက်နာ ရယ်မောကြ
ရွှေစစ်ပြီး ငွေမရှိတဲ့အချစ်ဟာ
သူရဲဘောကြောင်တဲ့ အမှန်တရားဖြစ်ခဲ့ပြီ ချစ်သူတို့။
ဟေး!
ကမ္ဘာမြေမှာ
ချစ်ခြင်းမေတ္တာမရှိတော့ဘူးလား
အရူးတစ်ယောက်လို
မေးခွန်းတွေ အသံပြာအောင်မေးမိရဲ့။
ခေတ်တစ်ခေတ်လုံးဆီက
လှောင်ပြောင်စုတ်သပ်သံတွေပဲ ပဲ့တင်ပြန်လာတယ်။
အပေါစားဝတ္ထုတွေ
ရုပ်ရှင်ဇာတ်လမ်းတွေထဲ စိတ်ကူးယဉ်ခဲ့
လူငယ်ဘဝတစ်လျှောက်လုံး အစွဲအလမ်းကို
အတွေးအခေါ်ဟောင်းတစ်ခုလို စွန့်လိုက်တော့
နှစ်ဆယ့်တစ်ရာစု အချစ်ဟာ
နောက်ဆုံးပေါ် ဆဲလ်ဖုန်းတစ်လုံးရဲ့ အမှတ်တံဆိပ်ဖြစ်ခဲ့ပြီ
ချစ်သူတို့။
ဖက်ရှင်ပစ္စည်းနဲ့
ပိုက်ဆံမက်ခြင်းကိစ္စမှာ
မိန်းမတွေ ဗီဇစိတ်တစ်ပုံစံတည်း
အချစ်ကြီး ချစ်တတ်ခဲ့သမျှ
အဆိုးမြင်ဝါဒပဲ အဖတ်တင် ကျန်ခဲ့တယ်။
ငါသုံးစွဲခဲ့
တစ်ခါသုံးဆေးထိုးအပ်လို မိန်းမများ
မင်းတို့နာမည်ကို
ငါ့အဘိဓာန်ထဲက ဖျက်သိမ်းလိုက်ပေရဲ့။
ဥဒါန်းဟာ
ဒီကဗျာထဲ အသားတဆတ်ဆတ်တုန်ယင်လို့
ဥဒါန်းဟာ
ဒီကဗျာထဲ အသည်းတဆတ်ဆတ်နာကျင်လို့
ဘယ်ဘဝက စခဲ့မှန်းမသိတဲ့ ကျိန်စာတွေ
ငါ့ကန္တာရပေါ် အမိုက်အမှောင်လို ပိန်းပိတ်နေတော့တယ်။ ။
အောင်ရင်ငြိမ်း
စိတ်ကစားခြင်း၊ ခေတ်ပေါ်အချစ်ကဗျာများမှ

မီ်းလောင်နေတဲ့အသံ
အရပ်ရှစ်မျက်နှာ
အိပ်မက်တွေ အဝါရောင်လွန်နေတဲ့ ရှုမျှော်ခင်း
အချစ်က မီးဖိုထားမိသူသာ အငွေ့တလူလူ ဝေရတဲ့အဖြစ်
ခံစားမှုကို စာရွက်ပေါ်ပွင့်အန်ချလိုက်ရင်
ကမ္ဘာမြေ မီးလောင်ပြာနှမ်းသွားတော့မယ်။
တို့နှစ်ယောက်ကြား
ချစ်ခြင်းမေတ္တာ ကိန္နရာချောင်းခြားလို့
လွမ်းဆွတ်ခြင်းက
အချိန်နဲ့အမျှ ဆံနွယ်လိုရှည်လျားလာ
ဝေးကွာခြင်းက
ရာသီနဲ့အမျှ သံသရာလိုရှည်လျားလာ
အတိတ်က အနာအဆာတွေနဲ့ ငါကျွမ်းလောင်နေချိန်
သူစိမ်းလူရဲ့ သီချင်းမှာ
မင်းအသံတွေ နေရောင်လင်းလက်နေမလား။
ငါ့သဘာဝအပေါ်
မင့်နေရောင် ဖျော့တော့သွားပြီးနောက်
အရူးတစ်ပိုင်းနေ့ အနှမ်းတစ်ပိုင်းည
အနီရဲရဲ စိတ်ဆင်းရဲခြင်းတွေသာ ဖူးပွင့်ဝေဆာလို့
လွမ်းဆွတ်ခြင်းအဝါ
ရှူသွင်းလိုက်တဲ့အသက်မှာ အသက်မပါဘူး။
အချစ်ရယ်
အဝေးက မင်းသတင်းတွေ စိတ္တဇ
အဝေးက မင်းရယ်သံတွေ ရင်နဲ့ဆတ်ဆတ်ကြားရရဲ့။
ပျော်ရွှင်ခြင်းဟာ အသက်သုံးဆယ်
အရွယ်ငယ်ငယ်နဲ့ ကွယ်လွန်သွားတဲ့ ရုပ်ကလာပ်
အထီးကျန်ခြင်းက
နံရိုးမှာ မိန်းမဓာတ်လိုနေတဲ့ ကဗျာ
မင်းမရှိတဲ့နေ့တွေမှာ ငါ့အနုပညာ သွေအားနည်းရ
မင်းမရှိတဲ့ညတွေမှာ ငါ့အနုပညာ ရောဂါထူပြောရ။
ငါဟာ
မင်းအဝေးမှာ လဲကျနေတဲ့ သားကောင်ပါ
သွေးသံရဲရဲ
ကျိန်စာတွေ တန်းလန်းစိုက်ဝင်လို့
လူတစ်ယောက် တိတ်ဆိတ်နာကျင်စွာ အသက်ရှင်နေ
လူတစ်ယောက် သွေးဆုတ်ဖြူလျော်စွာ အသက်ရှင်နေ။
ငါ့သူငယ်ချင်းတွေ
အချစ်တံဆိပ်တပ် တီရှပ်ကိုဝတ်ဆင်တုန်း
ငါ့လက်ဖျံမှာ ဆေးမင်ကြောင်နဲ့
ဆေးဆိုးဆံရှည်နဲ့ အပျော်ရည်းစားနဲ့
အပေါစားဟာသနဲ့ အော်လ်တာနေးတစ်ဗ်နဲ့
ငါ့အတွင်းမှာ အုံ့ပုန်းလောင်နေသောမီးများ
ဘယ်သူမြင်လို့ ကြားနိုင်မလဲ
အသက်မရှိတော့တဲ့ နံကြား
ဘယ်လိုဓားနဲ့ ထိုးဦးမလဲ။
ငါက အချစ်နဲ့အနုပညာ
မင်းက ငွေကြေး၊ အရေပြားဆန်တဲ့အလှနဲ့ အတ္တမာန
လူနှစ်ယောက် ဘုရားသခင်ချင်းမတူတဲ့အခါ
အချစ်ဆိုတာ
မျှော်လင့်ချက်ကို သွေးဆောင်ဖျက်ဆီးပစ်လိုက်တဲ့ မာရ်နတ်ပဲ။
မင်းမရှိတဲ့ဘဝ
အနုပညာတစ်မတ်သားနဲ့
စာမျက်နှာပေါ် ခိုးတက်လာတဲ့ကဗျာလို အဆီအနှစ်ကင်းမဲ့လို့
အကုသိုလ်များဖို့ လွယ်သမျှ
အရသာပျက်နေတဲ့ နှစ်ကာလများ။
စိတ္တဇတွေ မွန်းတည့်ထက်နေမြင့်လို့
နာကျည်းခြင်းဟာ သန်းခေါင်ထက်ညဥ့်နက်လို့
ငါ့သားလေးတွေဆော့ဖို့ ဘယ်သူအရုပ်ဖြစ်နေသလဲ
ငါ့သားလေးတွေ အသံထွက်အောင်
ဘယ်သူ တီးမှုတ်ဖျော်ဖြေနေသလဲ။
မေးခွန်းတွေထဲ သောကပဲ့တင်
ပုစဉ်းရင်ကွဲတစ်ကောင်လို အာခေါင်ခြစ်အော်မြည်နေမိရဲ့။
လူတစ်ယောက် အဓိပ္ပာယ်ပြည့်စုံဖို့
နောက်ထပ်လူတစ်ယောက် လိုအပ်သလား။
ယောက်ျားမရှိတဲ့ မိန်းမတစ်ယောက်ဟာ ပျော်ရွှင်ခြင်းလား
မိန်းမမရှိတဲ့ ယောက်ျားတစ်ယောက်ဟာ သေဆုံးခြင်းလား။
ဘဝဟာ
အစပ်အဟပ်မမှန်တဲ့ ဟင်းလျာ
ငွေစက္ကူ၊ လိင်နဲ့ အပေါစားကျော်ကြားမှု
လူတကာ သွေးတိုးမူးဝေဖွယ်ရာ
လူ့အဖြစ်ရဲ့ လျှို့ဝှက်သော့ချက်များ
ငါက ဖွဲ့နွဲ့စရာ ဖြစ်ရပ်ဆန်းကြယ်မရှိတော့
မင်းမရှိတဲ့ အသက်ရှင်ခြင်းကို အလိုမရှိတော့။
လူ့အဖြစ်ကို
လင်မယားကွာရှင်းသလို ကိစ္စပြတ်စဲချင်ခဲ့တယ်။
ငါအလိုမတူဘဲ
ငါ့လက်မှတ်ပေါ် ဖြာကျခဲ့တဲ့ မျက်ရည်များ
ငါ့အသွေးအသားထဲ မီးလိုမွှေးထားတယ်။
ဒီဘဝ
သူ့အဓိပ္ပာယ်နဲ့သူ
ချစ်ခြင်းမေတ္တာဟာ ချစ်ခြင်းမေတ္တာလို ရှိစေ
အမျက်ဒေါသဟာ အမျက်ဒေါသလို ရှိပါစေ။
စိတ်ဆင်းရဲခြင်းကို
ဘုရားမှာ ပန်းလိုကပ်လှူပြီး
ဆုတောင်းမိပါရဲ့။
မီးလောင်နေတဲ့အသံ
သို့မဟုတ်
ငါ့ဘဝတစ်ခုလုံး အသားနုပြန်မတက်တော့အောင်
တဆစ်ဆစ် ကိုက်ခဲနေမယ့်သစ္စာ
ဘဝအစဉ်အဆက်
ငါ့ကိုယ်ငါ သဲလွန်စရှာမရအောင် အတိတ်မေ့စေသတည်း။
ချစ်ခြင်း
မုန်းခြင်း
လွမ်းဆွတ်ခြင်း
အာရုံခံစားမှုမှန်သမျှ သုညဖြစ်စေသတည်း။
အရှင်လတ်လတ်
ငရဲကျသလို ပွက်ပွက်ဆူနေတဲ့စိတ်
အသည်းကွဲခြင်းကို ကမ္ဘာပျက်အောင် အော်ဟစ်ပဲ့တင်လို့
ဒီ ပရိဒေဝကဗျာ
ငါ့အနုပညာနဲ့ သစ္စာဆိုခဲ့တယ် ဇာခြည်သန့်။ ။
အောင်ရင်ငြိမ်း
စိတ်ကစားခြင်း၊ ခေတ်ပေါ်အချစ်ကဗျာများ

ခေတ်ပြိုင် မြန်မာလူငယ်ကဗျာဆရာများနှင့် ကဗျာဒိုင်ယာလော့ဂ်

ဒီနေ့ ခေတ်ပြိုင် မြန်မာကဗျာ အခင်းအကျင်းက အယူအဆမျိုးစုံ၊ ကဗျာ အမျိုးအစား အစုံအလင်နဲ့ ကျယ်ပြန့် ရှုပ်ထွေးလှပါတယ်။
ခေတ်ပြိုင် မြန်မာကဗျာလို့ ဆိုရာမှာ ပင်မရေစီး ခေတ်ပေါ်ကဗျာ၊ နီယို မော်ဒန်ကဗျာ၊ ဘာသာစကား ကဗျာ၊ ပို့စ်မော်ဒန်ကဗျာ၊ စမ်းသပ်ကဗျာ၊ ကောလာ့ဂ်ျကဗျာ၊ စကားပြေကဗျာတွေ အပြင် လောလောဆယ် အမျိုးအမည် ခွဲခြားလို့ မရနိုင်သေးတဲ့ တခြား ကဗျာတွေလည်း ပါဝင်နေပါတယ်။
လူငယ် ကဗျာဆရာ အများစုက ပင်မရေစီး ခေတ်ပေါ် ကဗျာကို ကျော်လွန်ဖို့ နည်းမျိုးစုံနဲ့ စမ်းသပ် ရေးဖွဲ့ နေကြပြီး မြန်မာ ကဗျာယဉ်ကျေးမှု အသစ် ပြောင်းလဲ တည်ဆောက် နိုင်ဖို့ ဟန်ပြင် နေကြတာ သတိပြုမိ ကြပါလိမ့်မယ်။ လူငယ် ကဗျာ ဆရာတွေ အနေနဲ့ ဘယ်လို သဘော ထား ခံယူချက် တွေနဲ့ ကဗျာ ရေးဖွဲ့ နေကြသလဲ။ သူတို့ဆီမှာ ကဗျာ အနုပညာနဲ့ ပတ်သက်ပြီး ဘယ်လို အယူအဆ၊ အသိအမြင်၊ အာရုံ တိမ်းညွတ်မှုနဲ့ ယုံကြည်မှုတွေ ရှိနေကြသလဲ။ သူတို့ဟာ ကိုယ်ပိုင် အတွေးအခေါ်နဲ့ ရှင်သန် နေကြတဲ့ လူငယ်တွေလား။ တခြား အယူအဆ တွေရဲ့ သြဇာ လွှမ်းမိုးမှုကို အလွယ်တကူ ခံယူ နေကြသူ တွေလား။ ကိုယ်ပိုင် အတွေး အခေါ်နဲ့ တခြား အယူအဆ ကို လိုအပ် သလို/ လိုက်လျော ညီထွေ ပေါင်းစပ်ပြီး အစဉ်အလာက သွေဖည် ခွဲထွက်တဲ့ ကဗျာလမ်း ကြောင်းဆီ ရွေ့လျား သွားကြမယ့် လူငယ်တွေလား။
ဒီနေ့ခေတ်မှာ အပြောင်းအလဲတွေက ၀င်လာမစဲ တဖွဲဖွဲပါ။ အပြောင်းအလဲတွေကို သိချင်ရင် လူငယ်တွေနဲ့ စကား ပြောကြည့်ပါ။ လူငယ်တွေကို စူးစမ်း လေ့လာကြည့်ပါ။ လူငယ်တွေ လက်ရှိ ရပ်တည်နေတဲ့ နေရာနဲ့ အာရုံ တိမ်းညွတ်မှုတွေဟာ အနာဂတ် အလား အလာကို မှန်းမျှော်မြင်သာ စေနိုင်တဲ့ ဗျူးပွိုင့် တစ်ခုပါပဲ။
ကျွန်တော် လူငယ်တွေကို တန်ဖိုးထား ယုံကြည်ပါတယ်။ အဲဒီ ယုံကြည်မှုကြောင့်ပဲ ခေတ်ပြိုင် လူငယ်ကဗျာဆရာ တချို့နဲ့ ကဗျာ ဒိုင်ယာလော့ဂ်ကို စီစဉ် တင်ပေးလိုက်ရခြင်း ဖြစ်ပါတယ်။
အောင်ရင်ငြိမ်း။ ။ လတ်တလော ရေးဖြစ်နေတဲ့ ကဗျာတွေ အကြောင်းနဲ့ စကားဝိုင်း စဖွင့် လိုက်ကြရအောင်။ တခြား ခေတ်ပြိုင် ကဗျာဆရာတွေနဲ့ ကဗျာ ဖတ်သူတွေ သိရအောင်ပေါ့။
သူရနီ။ ။ ကဗျာဆိုတာ တင်းကျပ်နေတဲ့ လူ့အဖွဲ့အစည်း ထုံးတမ်း ဓလေ့တွေထဲက ခဏ ထွက်ပြေးတာပါ။ အခု အချိန်ဟာ ရာသီ အကူးအပြောင်း တစ်ခုလို ကဗျာ့စပ်ကူး မပ်ကူး ကာလကို ဖြတ်သန်းနေတဲ့ အခါလို့ ဆိုရပါလိမ့်မယ်။ လတ်တလော ကျွန်တော်ကတော့ ကဗျာနဲ့ ကဗျာဗေဒကို Hybrid လုပ်ထားတဲ့ ပုံစံလို ကဗျာတွေကို စိတ်ဝင်စား နေမိပါတယ်။
ဇော်လူစိမ်း။ ။ ကျွန်တော့် အနေနဲ့ဆိုရင် ပြီးခဲ့တဲ့ နေ့တုန်းက ကျွန်တော့်ဆီ ရိုက်ခတ်လာတာတွေ၊ ဒီနေ့ ကျွန်တော့်ဘက်က လက်ခံ ရရှိနေတဲ့ အပိုင်းတွေ၊ အဲဒါတွေ အပေါ်မှာပဲ မူတည်နေပါတယ်။ ဒါက ကျွန်တော် ရေးဖြစ်တဲ့ ကဗျာပါ။ ခပ်ကျဲကျဲပဲ။ ရေးဖြစ်ချင်မှလည်း ရေးဖြစ်တယ်။ မနှစ်တုန်းက ရေးခဲ့ တာကို မနေ့ကမှ လက်စသတ် ခေါင်းစဉ် တပ်လိုက်ရတာလည်း ရှိတယ်။ မနေ့က ရေးခဲ့တာကို ဒီနေ့ ဆွဲဖြဲပစ်လိုက်ရတာလည်း ဖြစ်နိုင်တာပဲ။ ဆိုလိုတာက ကိုယ်တိုင် စိတ်ချလက်ချ ရေးလိုက်တဲ့ ကဗျာတစ်ပုဒ်၊ ကိုယ့်အရသာကို ယုံယုံကြည်ကြည် ထည့်လွှတ်လိုက်တဲ့ ကဗျာ တစ်ပုဒ်ဟာ ရေးသူရဲ့ စိတ်ပိုင်း ဆိုင်ရာ ငြင်းပယ်မှု၊ လက်ခံမှု၊ အတွေ့အကြုံပိုင်း ဆိုင်ရာရဲ့ အတည်ပြုချက်တွေ၊ အဲသလို အဆင့် အမျိုးမျိုးကို ဖြတ်ကျော်လာပြီးမှ ဖြစ်လာတာ။
စိုးမင်းအောင်။ ။ နေ့စဉ် ဘ၀ရဲ့ အတွေ့အကြုံ၊ ပုဂ္ဂလိက ခံစားမှုနဲ့ လူ့အဖွဲ့ အစည်းအပေါ် အမြင်တွေ ပါတဲ့ ကဗျာတွေကို ရေးဖြစ်နေပါတယ်။
လင်းသဏ်ညီ။ ။ ကျွန်တော်ကတော့ ကိုယ်ပိုင် စိတ္တဇကို ဖွင့်ထုတ်ပစ် လိုက်တဲ့ ကဗျာတွေ၊ ပြီးတော့ ကဗျာ အယူအဆနဲ့ နှီးနွယ်တဲ့ ကဗျာ နည်းနည်း၊ လူ့အဖွဲ့အစည်းရဲ့ အံမ၀င် ခွင်မကျ လွဲချော် နေမှုတွေကို သရော်တဲ့ နောက်တီး နောက်တောက် ကဗျာတွေပေါ့။ လတ်တလော ရေးဖြစ်နေတာ။
မင်းသက်ဇဉ်။ ။ ကျွန်တော်က ခံစားချက်နဲ့ ကဗျာကို တည်ဆောက်တာ များပါတယ်။ တစ်ခါတစ်ရံ စကားလုံးတွေကလည်း ဆင့်ပွားပါတယ်။ ပူးတယ်။ ခွာတယ်။ ဖြတ်တောက်တယ်။ ဖြိုခွဲတယ်။ ပြန်တည်ဆောက်တယ်။ ခံစားချက် မရှိရင်တော့ ကျွန်တော်တို့ အားလုံး သေဆုံးကြမှာပဲ။ ကဗျာ သေမယ်။ စကားလုံး၊ ဘာသာ စကားတိုင်းကို ကဗျာအဖြစ် တည်ဆောက်လို့ ရတယ်။ ကဗျာ ဖြစ်ချင်မှဖြစ်မယ်။ ဖြစ်တယ်၊ မဖြစ်ဘူး ဆိုတာကတော့ ဖတ်သူနဲ့ ဆိုင်ပါတယ်။ ရေးသူဟာ ဖတ်တဲ့ အလုပ်ကို ရေးရင်း ဖတ်သွားတဲ့ အတွက် ဖတ်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။
မြတ်ဝေ။ ။ ခေတ်ပြိုင် ခံစားမှုတွေကို အကောင်းဆုံး ခင်းကျင်း ပြနိုင်မယ့် ကဗျာသစ်တွေ စမ်းသပ် ရေးဖြစ်တယ်။ စကားလုံးတွေ ကစားထားတာ မရှိဘူး။ နိမိတ်ပုံ၊ သင်္ကေတတွေကို အတတ်နိုင် ဆုံးရှောင်ပြီး ကဗျာရဲ့ဟန်ချက်၊ ရှင်းလင်းနား လည်လွယ်တဲ့ ဘာသာ စကားတွေနဲ့ ကျွန်တော့် ရင်ဘတ်ကနေ နောက်ထပ် ရင်ဘတ်တွေဆီ ရောက်အောင် ထည့်ဖို့ ကြိုးစားတယ်။ အကျပ် အတည်းတွေ ကြားထဲက ရုန်းကန်နေရတဲ့ အဖြစ်၊ ဖိအားမျိုးစုံကြောင့် ရလာတဲ့ ကိုယ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု/ ဟန်ချက်ပျက်မှုတွေကို ခံစားရတဲ့ အတိုင်း ရေးတယ်။ သိမြင်တဲ့ အတိုင်းရေးတယ်။ စိတ်ကျန်းမာရေး ဆေးရုံက ဘာသာစကားတွေ၊ ပညာရပ်ဆိုင်ရာ အသုံးအနှုန်းတွေ၊ ပုံမှန် မဟုတ်တဲ့ ယုံကြည်မှု လက်ခံမှုတွေ သုံးပြီး ကဗျာ အနည်းငယ် စမ်းသပ် ရေးဖြစ်တယ်။ ပုဂ္ဂလိက ခံစားမှုတွေလည်း ပါတယ်ပေါ့ဗျာ။
အောင်ရင်ငြိမ်း။ ။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ပင်မရေစီး ခေတ်ပေါ် ကဗျာနဲ့ အခုလက်ရှိ ခေတ်ပြိုင်ကဗျာ။ အဲဒီ နှစ်ခုကြားက အခြေအနေကို ပြောပါဦး။ ကဗျာ ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက် လာတယ်လို့ မြင်သလား။ ဒါမှမဟုတ် ဆုတ်ယုတ် ကျဆင်း နေတယ်လို့ မြင်သလား။
သူရနီ။ ။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ပင်မရေစီး ကဗျာ အကြောင်းတွေကို ပြောရရင်တော့ ကျွန်တော်တို့ဟာ သူတို့ရဲ့ပခုံးပေါ် တက်ရပ်ခွင့် ရခဲ့တာပါ။ ပင်မ ရေစီး ကဗျာတွေနဲ့ နှိုင်းယှဉ် ကြည့်ရင်တော့ အခုလက်ရှိ ခေတ်ပြိုင် ကဗျာတွေဟာ ပင်မ ရေစီး ကဗျာကို တစ်စတစ်စ ချဲ့ထွင်ပြီး အကြောင်းအရာ၊ ပုံသဏ္ဌာန်၊ အမြင်သစ်၊ စီစဉ် တင်ပြပုံက စလို့ ပြောင်းလဲ လာနေတော့ ဖွံ့ဖြိုး တိုးတက် လာပြီလို့ပဲ ဆိုရပါလိမ့်မယ်။
လင်းသဏ်ညီ။ ။ ပြောင်းလဲ နေတာတော့ အမှန်ပဲ။ ဒါပေမယ့် လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က မော်ဒန် ကဗျာ ရေစီးကြောင်းလိုတော့ အားကောင်းမောင်း သန် မဖြစ်သေးဘူး။ ကဗျာ အမျိုးအစားနဲ့ အယူအဆတွေကတော့ ပြောင်းလဲ တိုးတက် နေတယ်လို့ ယုံတယ်။
မင်းသက်ဇဉ်။ ။ ဒီနေ့ စာမျက်နှာတွေပေါ်က ကဗျာ တော်တော်များများဟာ ဆုတ်ယုတ်ကျဆင်း နေတယ်လို့ ထင်တယ်။
ကဗျာတွေ ထပ်နေသလိုပဲ။ ဖတ်ရတာ မွန်းကျပ်တယ်။ အိုင်နေတယ်။ တချို့ကဗျာတွေ ကျတော့ အသစ် လုပ်ထားတာ တွေ့တယ်။ ပြုလုပ်သူအတွက် အသစ်ဖြစ်တယ်။ ကဗျာဖတ်သူတွေ အတွက် အသစ် မဟုတ်ဘူး။ အရူး တစ်ယောက်လိုပဲ လုပ်ချင်တာ လျှောက်လုပ်ထားသလိုပဲ။ သစ်ရင်ပြီးရောပုံ ပေါက်နေတယ်။ ပင်မ ရေစီးဟာ တဖြည်းဖြည်း ရွေ့လျား လာပြီးနောက် ဆက်မစီးဆင်းနိုင်ဘူး။ တစ်နေရာမှာ ရေအိုင် ဖြစ်နေတယ်။ ရေအိုင်ထဲက ရေတွေကို ကိုယ့်နည်းကိုယ့်ဟန် ပြန်အသုံးချရမယ်။ တစ်ဖက်က စီးဆင်းလာတဲ့ ရေတွေနဲ့ ရောထွေး မွှေနှောက်ပစ်ရမယ်။
မြတ်ဝေ။ ။ ဖွံ့ဖြိုးမှု ရှိပါတယ်။ တချို့ကတော့ ဆုတ်ယုတ် နေတယ်လို့ ထင်လိမ့်မယ်။ အဲဒါ အမြင်ေ၀၀ါးမှုပဲ ဖြစ်မှာပါ။ အတုအယောင်တွေ များလာတဲ့ ကမ္ဘာမှာ ဖြစ်လေ့ ဖြစ်ထရှိတဲ့ အရာပေါ့။ အစစ်တွေကို အတုတွေနဲ့ ရောပြီး မြင်တယ်။ အမြင်မှာ အတုတွေ များလာတယ်။ အမြင်မှန်နဲ့ ကြည့်ရင် ဖွံ့ဖြိုး တိုးတက်မှုက အထင်းသား ပေါ်နေပါတယ်။ ခေတ်ပြိုင်အမြင်၊ ခေတ်ပြိုင် ခံစားမှု၊ ခေတ်ကတောင်းဆိုတဲ့ ဘာသာ စကားတွေနဲ့ ဖွဲ့စည်းနိုင်ခဲ့တဲ့ ခေတ်ပြိုင်ကဗျာဟာ အများကြီး ဖွံ့ဖြိုး တိုးတက်လာပါတယ်။
စိုးမင်းအောင်။ ။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်နဲ့ အခု လက်ရှိနဲ့က အပြောင်းလဲကြီး ပြောင်းလဲ ကုန်ပါပြီ။ ကဗျာမှာ အရွေ့တွေ ရှိလာတယ်။ လမ်းမြွှာတွေ၊ လမ်းဆုံလမ်းခွဲတွေ အများကြီး ရှိလာတယ်။ ကျွန်တော် ကိုယ်တိုင်လည်းပဲ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကလို ချဉ်းကပ်မှု ပုံစံမျိုး မဟုတ်ဘဲနဲ့ ကဗျာအပေါ် အမြင် ပြောင်းလဲ ချဉ်းကပ်လာခဲ့တယ်၊ ရေးသားခဲ့တယ်။ ဖွံ့ဖြိုး တိုးတက်မှု ဒါမှမဟုတ် ဆုတ်ယုတ် ကျဆင်းမှု အပိုင်း ပြောရရင်တော့ ကောင်းသော ပြောင်းလဲခြင်းများလို့ ဆိုရပါမယ်။
ဇော်လူစိမ်း။ ။ ဆယ်နှစ်ကျော်ဆိုတာကို လှမ်းကြည့်ရင် မျိုးဆက် တစ်ခေါ်စာ မကတော့ဘူးဗျ။ ခပ်ပျပျလေး ဖြစ်နေပြီ။
အဲဒီတုန်းက ပင်မရေစီး ဆိုတဲ့ အနေအထားက အရောင်တူ၊ အသံတူတွေ အုံနဲ့ကျင်းနဲ့ စီးဆင်း နေခဲ့တာ။ အသင်းကြီး တစ်သင်းလိုပါပဲ။ အခု ၂၀၀၉ ပင်မရေစီး ခေတ်ပေါ်ကဗျာ ဆိုတာကတော့ ကွက်ပြီး ကြည့်ရမလို ဖြစ်နေပြီ။ လက်ရှိ အနေအထားက ကျွန်တော့် အတွက် တကယ့်ကို မရေရာတဲ့ အနေအထားပါ။ ကိုယ့်ဟာနဲ့ကိုယ် ရောရောယောင်ယောင် ဖြစ်မနေအောင် သတိနဲ့ ရပ်နေရတဲ့ အခြေအနေ။ ကျွန်တော့် အနေနဲ့တော့ ဖွံ့ဖြိုး တိုးတက်တယ်၊ ဆုတ်ယုတ်ကျ ဆင်းတယ် ဆိုတာကို သုံးသပ်ဖို့ တာဝန် မရှိပါဘူး။ ကျွန်တော်တို့ မျှော်လင့်လို့ရ တာက ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ ဝေဒနာနဲ့ ကမ္ဘာ့ လူ့အဖွဲ့အစည်းက မျှဝေတဲ့ ဝေဒနာချင်း မီးခတ်မိဖို့ပဲ။ တစ်ဦးချင်းစီက ကိုယ်ယုံကြည်ရာကို လုပ်မြဲ လုပ်နေတာနဲ့တင် အလားအလာ ကောင်းနေပါတယ်။
အောင်ရင်ငြိမ်း။ ။ လူအမျိုးမျိုးဆိုတော့ အမြင် အမျိုးမျိုးပေါ့လေ။ ဒါ သဘာဝ ကျပါတယ်။ လူငယ်တွေ အနေနဲ့ရော ပင်မ ရေစီးခေတ်ပေါ် ကဗျာ လမ်းကြောင်းကို ဆက်လျှောက် နေကြဦးမှာလား။ အနာဂတ်မှာ လူငယ်တွေ ဘယ်လိုကဗျာ လမ်းကြောင်းတွေကို လျှောက်ကြမယ် ထင်လဲ။
လင်းသဏ်ညီ။ ။ ပင်မရေစီး ခေတ်ပေါ် ကဗျာကတော့ ဂီတမှာဆိုရင် ရော့ခ် သီချင်းတွေလို ဆက်လက် မျောပါနေဦးမယ်လို့ ထင်တယ်။ အနာဂတ်ကတော့ ကြိုတင် ခန့်မှန်းဖို့ ခက်တယ်။ လက်ရှိ အနေအထားနဲ့ ပြောကြည့်ရရင်တော့ ပို့စ်မော်ဒန် ဒါမှမဟုတ် နီယို မော်ဒန်ကဗျာတွေ ဆက်လက် အားကောင်းလာ လိမ့်မယ်ထင်တယ်။ ကျွန်တော်တို့ မတွေ့မြင်နိုင်သေးတဲ့ Alternative Stream တစ်ခုခု ဖြစ်ရင်လည်း ဖြစ်မှာပါ။ ဒါပေမယ့် မော်ဒန် မှာတုန်းကလို ခိုင်မာတဲ့ ကျောရိုးတစ်ခုတော့ ရှိဖို့ လိုမယ် ထင်ပါတယ်။
စိုးမင်းအောင်။ ။ အနာဂတ်ဆိုတဲ့ ရောက်မလာသေးတဲ့ အချိန်ညွှန်း စကားလုံး ပါလာတဲ့ အတွက် ကျွန်တော် ပြောရခက်ပါတယ်။ လူငယ်တွေ အနေနဲ့ ပင်မရေစီးခေတ်ပေါ် ကဗျာလမ်းကြောင်းကို ဆက်လျှောက်ကြမှာလား ဆိုရင်တော့ ယနေ့ပဲ ကဗျာ အရွေ့တွေကို ကျွန်တော်တို့ မြင်နေရပြီ ဖြစ်ပါတယ်။ ပင်မရေစီး ခေတ်ပေါ်ကဗျာ လမ်းကြောင်းကနေ ဘယ်မှမရွေ့ဘဲ ရပ်တည် ကျန် ခဲ့ချင်တဲ့ လူငယ်တွေလည်း ရှိနိုင်ပါတယ်။ လူကြီးတွေ အပါအ၀င်ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်စိတ်လွတ်လပ်ခွင့်နဲ့ ကိုယ်ပါပဲ။ တစ်ခုရှိတာက ဘယ်ကဗျာ လမ်းကြောင်းကိုပဲ လျှောက်လျှောက် သီဝရီတွေ၊ နည်းစနစ်တွေ ကြား ကိုယ့်ကဗျာအနုပညာဟာ ညပ်ပိတ်သေ မနေဖို့ဘဲ အရေးကြီးပါတယ်။
ဇော်လူစိမ်း။ ။ လောလောလတ်လတ်တော့ ကိုယ့်အနေအထားနဲ့ ကိုယ်ပဲ ဆိုပါတော့။ ဒီနေ့အနေအထားကိုပဲ ရောဂါ ရှာဖွေနေရသလို ပိုက်စိပ်တိုက် ရှာနေရတယ်။
သူရနီ။ ။ ဒီကိစ္စကတော့ ခန့်မှန်းရခက်ပါတယ်။ သေချာတာ တစ်ခုကတော့ ပင်မ ရေစီးကိုတော့ ကျွန်တော်တို့ ကျော်လွန် လာခဲ့ပါပြီ။ စမ်းသပ်ကဗျာ၊ ကောလာ့ဂ်ျကဗျာ၊ နီယိုမော်ဒန်၊ L.P ဘယ်ဘက်ကို လူငယ်တွေ ပိုပြီးတိမ်း ညွတ်မလဲ ဆိုတဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဖော်ဆောင်တဲ့ မေးခွန်း အတွက်တော့ တိတိပပ ခန့်မှန်းဖို့ ဆိုတာ ကျွန်တော့် အနေနဲ့ မပြောနိုင်သေးပါဘူး။
မြတ်ဝေ။ ။ ပင်မရေစီး ခေတ်ပေါ် ကဗျာတွေကို ထိတွေ့နေရတဲ့ လူငယ်တွေကတော့ ပင်မရေစီး လမ်းကြောင်းကိုပဲ ဆက်လျှောက်ဖြစ်မှာ သေချာပါတယ်။
အနာဂတ်မှာ လူငယ်တွေ ဘယ်လမ်းကြောင်းကို ရွေးချယ်မယ် ဆိုတာကတော့ ပုံသေ ပြောလို့ မရဘူး။ ကဗျာတွေ ရွေ့နေတယ်။ လူငယ်တွေ ရွေ့နေတယ်။ ကဗျာ ဆရာတွေ ရွေ့နေတယ်။ ခေတ်က ရွေ့နေတယ်။ မိတ္တူကူး ချထားတာ မဟုတ်တဲ့ ကဗျာ လမ်းကြောင်းတွေမှာတော့ လူငယ်တွေ ပိုရွေ့မှာပါ။ ပိုလျှောက်မှာပေါ့။ ကျွန်တော် အပါအ၀င်ပေါ့ဗျာ။
မင်းသက်ဇဉ်။ ။ အနာဂတ်ဟာ လူငယ်တွေရဲ့ လက်ထဲမှာ ရှိတယ်။ လူငယ်တွေ စိတ်ကြိုက် လျှောက်ရမယ့် လမ်းပါ။ ဒါကို တားဆီးကာကွယ် နေရင်တော့ ကျဆုံးမှာပဲ။ ဘယ်လို ကဗျာတွေ ထွက်ပေါ်လာမယ် ဆိုတာကတော့ ကဗျာတွေကို စောင့်ကြည့်ရမယ်။ ကျွန်တော်ကတော့ လူငယ် ကဗျာဆရာတွေ အားလုံးကို လွတ်လပ် စေချင်တယ်။ ဒါမှ အနာဂတ် ကဗျာဟာ အသစ် အဖြစ် လှပနိုင်မယ်။ ပင်မ ရေစီး လမ်းကြောင်းကိုတော့ ကျွန်တော်တို့ လျှောက်မှာ မဟုတ်ဘူး။ အဟောင်းဟာ ထိန်းသိမ်း ထားရမယ့် အမွေအနှစ်ပဲ။ စွန့်ပစ်စရာတွေလည်း ရှိနိုင်ပါတယ်။ ကျွန်တော် တန်ဖိုး ထားပါတယ်။
အောင်ရင်ငြိမ်း။ ။ တချို့ ကဗျာဆရာတွေက အမျိုးအစား ခွဲတာ၊ တံဆိပ် ကပ်တာကို မကြိုက် ကြဘူး။ ညီလေးတို့ သဘောထားကရော။
သူရနီ။ ။ ဟုတ်ပါတယ်။ အရင်တုန်းက ကဗျာ ဆရာတွေက သူတို့ အလုပ်ဟာ ကဗျာပဲ ကောင်းကောင်းရေးမယ်၊ အမျိုးအစား ခွဲခြား အကဲဖြတ်တာ ဝေဖန်ရေးဆရာ အလုပ် ဆိုပြီး ပုံချကြတယ်။ အခုချိန်မှာ ကျွန်တော်ကတော့ အဲဒီလို မမြင်ဘူး။ ကဗျာ ရေးသူဟာ တစ်ချိန်တည်းမှာ ကဗျာဖတ်သူ တစ်စိတ်တစ်ပိုင်း ဖြစ်နေပြီး ဝေဖန် အကဲဖြတ်သူလည်း ဖြစ်နေရမယ်လို့ ဆိုချင်တယ်။ အခု လောလောဆယ်ဗျာ မောင်ဖီလာ၊ ကြည်ဇော်အေး၊ စိုးမင်းအောင် အခု သူတို့ရေးတဲ့ ကဗျာတွေနဲ့ အရင် သူတို့ရေးတဲ့ ကဗျာတွေ ကွာခြားသွားပါပြီ။ သူတို့ဟာ ပင်မ ရေစီးကို ကျော်လွန်လာပြီ။ ဒါပေမယ့် ပို့စ်မော်ဒန်ဘက်လည်း မရောက်ဘူး။ သူတို့ကို ဘယ်ခေါင်းစဉ် အောက်မှာ ထားမှာလဲ။ ဘယ်တံဆိပ် ကပ်မလဲ။ ဒါတွေကို ကျွန်တော်တို့ သိချင်တယ်၊ သိဖို့ လိုအပ်နေပြီ။
မင်းသက်ဇဉ်။ ။ ကျွန်တော်က ကဗျာကို စရေးမယ်၊ ချဉ်းကပ်မယ် ဆိုကတည်းက ဘယ်လိုရေးမယ်၊ ဘယ်လိုဖြစ်ရမယ်လို့ ရည်ရွယ်ချက် မရှိဘူး။ ကျွန်တော် ခေါင်းစဉ် အောက်မှာတော့ မနေ ချင်ဘူး။ တခြားသူက တံဆိပ် ကပ်ချင် ကပ်လိမ့်မယ်။ ကပ်ပေါ့။ ကျွန်တော်နဲ့ မဆိုင်ဘူး။ ကျွန်တော်ကတော့ ကဗျာ ရေးတာပဲ။ တခြား သူမှာလည်း လွတ်လပ်ခွင့် ရှိတာပဲ။ သူမြင်တာ သူ ပြောလိမ့်မယ်။
မြတ်ဝေ။ ။ အမျိုးအစား ခွဲတာနဲ့ တံဆိပ်ကပ်တာ မတူဘူး ထင်တယ်။ အမျိုးအစား ခွဲတာတော့ ကြိုက်ပါတယ်။ တံဆိပ် ကပ်တာတော့ မကြိုက်ဘူး။ အမျိုးအစား ခွဲတာက လွယ်လွယ်နဲ့ ခွဲလို့ မရဘူး။ အချိန်ယူပြီး စောင့်ကြည့်ရ တယ်။ လေ့လာရတယ်။ ကဗျာ ဆရာတွေကလည်း အသစ်ကို အမြဲရှာဖွေပြီး ခေတ်နဲ့အညီ ပြောင်းလဲ ဖွဲ့ဆိုနိုင်အောင် အားထုတ်နေမှာ၊ မသိမသာလေး ရွေ့နေမှာ ဆိုတော့ အချိန် တော်တော်ကြာမှသာ၊ လေ့လာသုံးသပ်ပြီးမှသာ အမျိုး အစား ခွဲလို့ ရပါမယ်။ ဒါကြောင့် ကဗျာ တစ်ပုဒ်လောက် တွေ့ပြီး လေ့လာယူဆ မိတာနဲ့ တံဆိပ်ကပ် မခံချင်ဘူး။ အချိန်ယူ ဆုံးဖြတ်ပြီးမှ အမျိုးအစားခွဲတာ ကြိုက်ပါတယ်။ လွယ်လွယ်ပြောလို့ ရတဲ့ အထဲမှာ ကဗျာ မပါဘူး။ ကဗျာဗေဒ မပါဘူး။ ကဗျာဆရာ မပါဘူး။ အမြဲ ရွေ့နေပြီး မနက်ဖြန်မှာ ခုန်သွားနိုင်လို့ ဖြစ်ပါတယ်။
စိုးမင်းအောင်။ ။ ကျွန်တော့်ရဲ့ အသိဖြစ်စဉ်ထဲမှာ ကျွန်တော်က ကဗျာ တစ်ပုဒ်ကို ရေးထုတ်လိုက်တယ်။ အဲဒီ ကဗျာကို ဖတ်မိတဲ့သူက ဝေဖန်သုံးသပ်၊ အမျိုးအစားခွဲ၊ တံဆိပ် ကပ်လုပ်လာရင်လည်း ကျွန်တော်က ငြင်းမှာ မဟုတ်ဘူး။ အားလုံးဟာ သူ့လွတ်လပ်ခွင့်နဲ့ သူ ထင်မြင်ဝေဖန် အမျိုးအစားခွဲ တံဆိပ် ကပ် လုပ်နိုင်တယ်။ ကျွန်တော် အလိုတူသည် ဖြစ်စေ၊ မတူသည် ဖြစ်စေ သူ့လွတ်လပ်ခွင့်ကို ကျွန်တော် အပြည့်အ၀ နားလည် ပေးထားတယ်။ ကျွန်တော့် ဘက်ကတော့ ကျွန်တော် ကဗျာ အနုပညာ ရေးသား ပြုလုပ် ဖန်တီးသည်လို့ပဲ ခံယူထားတယ်။
ဇော်လူစိမ်း။ ။ ကြိုက်တာ မကြိုက်တာထက် ဒါက ဘာသာ ဗေဒသမားတွေရဲ့ အလုပ်ပါ။ တစ်ဦးချင်းစီရဲ့ ပင်ကို သဘာဝနဲ့လည်း ဆိုင်ပါလိမ့်မယ်။ ကဗျာ ရေးသူ အနေနဲ့ ဒါတွေ ထည့်တွက်ပြီး ကြိုက်၊ မကြိုက် ပြန်ပက်နေရရင် ကြိုးညှိ မိုးလင်း ဆိုတာမျိုးပဲ ဖြစ်နေမယ်။ ဒါပေမယ့် သေချာတာက အဲဒီ တစ်ဦးချင်းစီ ကလည်း Giordano လောက် တံဆိပ် ကပ်ခံချင်ခံလိမ့်မယ်။ အိမ်တွင်းချုပ်လိုမျိုး ကြုံသလို ဟိုဟိုဒီဒီ တံဆိပ် ကပ်တာမျိုးတော့ ခံချင်မှာမဟုတ်ဘူးဗျ။ ဟုတ် တယ်မဟုတ်လား။
လင်းသဏ်ညီ။ ။ တံဆိပ်နဲ့ကတော့ လွတ်အောင် ပြေးကြည့်ပေါ့ဗျာ။ ဘယ်လောက် ဝေးဝေးပြေးနိုင်မလဲ။ တံဆိပ်ကတော့ နောက်က ကပ်လိုက် ပါလာမှာပဲ။ ဒီတော့ သူများ အလွယ်တကူ ကပ်လိုက်တဲ့ တံဆိပ်ကို လက်ခံယူမလား၊ ကိုယ့်တံဆိပ်ကိုယ် ရွေးချယ်မလား ဆိုတာတော့ ခံယူချက်နဲ့ပဲ ဆိုင်ပါတယ်။ မလိုအပ်တော့ဘူး ဆိုရင် ကိုယ်က အလွယ်တကူ ခွာချလိုက်ရုံပဲ။ ကိုယ့်စိတ်က အဓိကပါ။ တံဆိပ်တွေကို ကြောက်လန့် နေရုံနဲ့တော့ မပြီးဘူး ထင်တယ်။ တံဆိပ်ကိုတော့ အလွယ်တကူ ကပ်ခံရမှာ သူသူကိုယ်ကိုယ် ကြောက်ကြတာပဲ။ ဒါဆိုရင် ကိုယ်ပိုင်တံဆိပ် တစ်ခုကို ရွေးချယ်ကြပေါ့။ ဖိနပ် မပါဘဲ လမ်း လျှောက်ကြတဲ့ခေတ် မဟုတ်တော့တာ သေချာတယ်။
အောင်ရင်ငြိမ်း။ ။ အခုနှစ်ပိုင်းတွေမှာ လူငယ်တွေရဲ့ ကဗျာအမြင်တွေ ပြောင်းလဲလာတယ်။ X-Generation ကဗျာ ဆရာတွေရဲ့အမြင်နဲ့Generation ကဗျာ ဆရာတွေရဲ့ အမြင်ကို နှိုင်းယှဉ် ဆွေးနွေးကြည့်ပါဦး။
စိုးမင်းအောင်။ ။ ကိုအောင်ရင်ငြိမ်းပြောတဲ့ Generation ဆိုတာကို ကျွန်တော်က ဒီလိုမြင်တယ်။ ကျွန်တော်တို့ ရှေ့က ကဗျာ ရေးနေတဲ့ သူတွေပေါ့။့ Y-Generation ဆိုတာကတော့ အခု လက်ရှိ ရေးနေကြတဲ့ ကျွန်တော် အပါအ၀င် လူငယ် ကဗျာ ရေးသူတွေပေါ့။ ကျွန်တော်တို့ ရှေ့က ရေးနေတဲ့ ကဗျာဆရာတွေ လည်း သူတို့ အမြင်နဲ့ သူတို့ ကိုယ်စီ ရှိကြပါလိမ့်မယ်။ ကျွန်တော်လည်းပဲ ကျွန်တော့်ကဗျာ အမြင်နဲ့ ကျွန်တော်ပေါ့။ လူငယ်တွေ အချင်းချင်းထဲမှာတောင်မှ မတူညီတဲ့ အမြင်တွေ ကိုယ်စီရှိကြပါလိမ့်မယ်။ ဒီလို မတူညီတဲ့ အမြင်တွေနဲ့ပဲ ကိုယ့်ကဗျာ အနုပညာကို ကိုယ်တိုင်ဖန်တီး ပြုလုပ်နေကြတာပဲ ကောင်းပါတယ်။ မဟုတ်ရင် တူညီနေတဲ့ ကဗျာတွေပဲ ကျွန်တော်တို့ ဖတ်နေရမှာပေါ့။ ကဗျာ အမြင် ဆိုတာလည်း ကိုယ့်အတွေ့အကြုံနဲ့ကိုယ် အမြဲ ပြောင်းလဲ ရွေ့နေ တာကပဲ ကောင်းပါတယ်။ ကျွန်တော်တို့ ဖတ်စာတွေထဲက အတိုင်း တစ်ထပ် တည်း လိုက်ချရေးခဲ့ ရတာတွေဟာ အနုပညာမှ မဟုတ်ခဲ့တာ။
သူရနီ။ ။ အဟောင်းကို ထိန်းသိမ်းသူနဲ့ အသစ်ကို ရှာဖွေဖော်ထုတ်သူ ဆိုပြီး ကဗျာကို နှစ်မျိုးနှစ်စား ခွဲခြားရလိမ့်မယ် ထင်တယ်။ X-Gen တွေအတွက် ကဗျာ အကြောင်းအရာကို ကျောရိုးထားပြီး ၀န်းဝိုင်း ရက်ဖောက်ရေးကြတယ်။Sensitive လည်းဖြစ်တယ်။ အခု ခေတ်ပြိုင် ကဗျာတွေမှာ တွေ့လာရတာက အကြောင်းအရာ ခံစားမှု ဆိုတာတွေကို ပိုင်းစ စိတ်မြွှာပစ်လိုက်တယ်။ X-Gen မှာတုန်းကတော့ အကြောင်းအရာကို မြင်တွေ့နေရပြီး Y-Gen မှာတော့ အကြောင်းအရာ တစ်ခုကို ပြောနေရင်း နောက်ထပ် အကြောင်းအရာ တစ်ခုက ထပ်ပေါ်လာပြန်တယ်။ ပျောက်ပျက် သွားတာတော့ မဟုတ်ဘူး။ သမားရိုးကျ နဲ့ သမားရိုးကျကို ဆန့်ကျင် တော်လှန်ပစ်လိုက်တဲ့ သဘောပါပဲ။
မင်းသက်ဇဉ်။ ။ ဘယ်မျိုးဆက် မဆိုပါ၊ အမြင်တွေကတော့ အမျိုးမျိုး ရှိတယ်။ မတူညီနိုင်ဘူး။ ပြီးခဲ့တာတွေလည်း မတူနိုင်ဘူး။ အခုလည်း မတူနိုင်ဘူး။ နောင်လည်း တူမှာ မဟုတ်ဘူး။ ကျွန်တော်တို့ ဖြတ်သန်းမှု အတွေ့အကြုံတွေ ကွာကြတယ်။ မျဉ်းတစ်ကြောင်းတည်း ဆွဲရုံနဲ့ ပွဲ မပြီးပါဘူး။
ဇော်လူစိမ်း။ ။ အမြင် ပြောင်းလဲလာတယ် ဆိုတဲ့ အပိုင်းမှာက ကဗျာရေးတဲ့ လူငယ်တွေ အားလုံး နဲ့တော့ ပတ်သက်မှာ မဟုတ်ဘူး။ ကျွန်တော့် အနေ နဲ့တော့ X တွေ Y တွေ သိပ်သဲသဲကွဲကွဲ မရှိဘူး။ အားလုံး လိုလိုဟာ သူ့နောက်ကျောဘက်မှာ စီးနေခဲ့တဲ့ ပင်မ ရေစီးကပဲ စီးလာခဲ့တာ။ ဖြာထွက် လာခဲ့တာ။ နောက်ထပ် ရေစီးတစ်ခု ဖြစ်လာခဲ့တာ။ ဒါက ဟို နှစ် ၆၀ နှစ် ၃၀ ကနေ ဒီပုံ အတိုင်းပဲ လေ။ အခုကရောIdea တွေ တင်သွင်းတာပဲ ဖြစ်ဖြစ်၊ မိတ်အင်ဒီတင်ပဲ ဖြစ်ဖြစ် လူငယ်တွေ လက်ခံနိုင်လောက်အောင် အချော သပ်ပေးရမှာပဲ။ လူငယ် ဆိုတာက အကျယ် ချဲ့နေမှာ မဟုတ်ဘူး။ လက်ရှိ သူ့အနေအထားနဲ့ ထိသွားရင် ဆွဲတော့တာပဲ။ အဲဒီအခြေအနေမှာ ကျွန်တော်တို့ဘက်က အကြမ်း ထည်ကြီးကိုပဲ တမြမြဖြစ်မနေချင်ဘူး။ ဘာဖြစ် လို့လဲဆိုတော့ ကျွန်တော်တို့တွေရဲ့ အမြင်တွေကို ကျွန်တော်တို့ရဲ့ Atmosphere က လွှမ်းမိုးနေတယ်။ ဒါတွေကပဲ ကျွန်တော်တို့ရဲ့ ပြုလုပ်ပုံ ပြုလုပ်နည်းတွေကို ပုံသွင်းကြတာပဲ။ ဒါက ခေတ်အဆက်ဆက်ပဲဗျ။ အရင် လူငယ်ကဗျာ သမားတွေတုန်းကလည်း ဒီအတိုင်းပဲ ဖြစ်နေတာ။ အခု လူငယ်တွေကလည်း သူတို့ လက်ခံရရှိတဲ့ အပိုင်းပေါ်မှာ မူတည်ပြီး တုံ့ပြန်ကြတာပဲလို့ မြင်တယ်။ ဒီတော့ လူငယ်တွေက မျှော်လင့်နေတဲ့ လူ၊ အချောသပ်တွေ လိုတယ်၊ အကြမ်းထည်က အန္တရာယ်ကြီးမယ် ထင်တယ်။
လင်းသဏ်ညီ။ ။Generation မတူပေမယ့် ကဗျာ အယူအဆ တူနေကြတာတော့ ရှိမှာပဲ။ အနီးစပ်ဆုံး ဖြတ်သန်း နေရတဲ့ ကာလ အပိုင်းအခြား တစ်ခုအရ ပေါ့။ ဒါပေမယ့် Life Style ကို လိုက်ပြီး ပြောင်းလဲ လာတဲ့ ကဗျာတွေ အပေါ်ကျတော့ အမြင်ချင်း မတူနိုင်ကြတော့ဘူး။ လွန်ခဲ့တဲ့ နှစ်ကာလတွေနဲ့ မတူညီတော့တဲ့ အခြေအနေတွေ အပေါ်လိုက်ပြီး ကဗျာဆရာ လူငယ်တွေရဲ့ လူနေမှု ပုံစံပြောင်း တယ်။ ကဗျာပုံစံပါ ပြောင်းတယ်။ ကဗျာဗေဒ အမြင်တွေ ပြောရင်တော့ ရှည်လျား ထွေပြားသွား လိမ့်မယ် ထင်တယ်။
အောင်ရင်ငြိမ်း။ ။ X-Generation ကဗျာ ဆရာ အများစုက ကဗျာ အနုပညာ ဖန်တီးမှုသက်သက် လုပ်ဖို့ပဲ အားသန်ကြတယ်။ Poetic တွေ Ideology တွေပြောဖို့ သိပ်စိတ်မ၀င်စားကြဘူး။ ဒီနေ့ Y-Generation ကဗျာဆရာတွေရဲ့ သဘော ထားကရော။ ပြီးတော့ လက်ရှိ အာရုံတိမ်းညွတ် နေတဲ့ ကဗျာဗေဒ။
မင်းသက်ဇဉ်။ ။ ကဗျာဟာ ကဗျာလို့ပဲ နားလည် ထားပါတယ်။ သူ့အတတ်ပညာ ရှိမယ်။ နည်းပညာ ရှိမယ်။ ဈာန်ဝင်စားမှု ရှိမယ်။ အာရုံ ခံစားမှုတွေ ရောထွေးနေမယ်။ ရှင်းလင်းနေမယ်။ ကဗျာရေးချင်စိတ် ရှိမယ်။ လက်ရှိကဗျာ ချရေးမယ်။ တစ်ခုခုနဲ့ ငြိစွန်းပြီး ကဗျာကို ချရေးလိုက်တယ် ဆိုရင်ပဲ ပြုလုပ်သူရဲ့လက်ထဲမှာ ကဗျာဖြစ်ပါတယ်။
သူရနီ။ ။ ကျွန်တော့် အနေနဲ့တော့ အခု လောလောဆယ် အဓိက ထားနေတာက နီယိုမော်ဒန်နဲ့L.P ပါပဲ။ အခု ခေတ်ပြိုင်ကဗျာတွေမှာ ပင်မ ရေစီးကို တော်လှန် ပစ်လိုက်တဲ့ တချို့ အချက်တွေကို တွေ့ရတယ်။ ကဗျာဘာသာ စကားနေရာမှာ အရပ်သုံး ဘာသာစကားတို့ ၀င်ရောက်လာခြင်း၊ ပွရောင်းရောင်း နိုင်ခြင်း၊ ဝေ့၀ိုက် မပြောတော့ဘဲ တိုက်ရိုက် ပြောလာခြင်း၊ နိမိတ်ပုံ တဖွဲ့တနွဲ့ အလင်္ကာ ဆန်မှုတွေကို လျှော့ပစ်ခြင်း၊ အပေါ်ယံ ရှပ်ယူလာတဲ့ Surface အမြင် သဘော တွေ အရင်ကထက် ပေါ့ပါးလာခြင်းတွေ ဖြစ်လာတယ်။ နောက်ပြီး ဘာသာ စကားနဲ့ အတတ်ပညာကို ထုံမွှမ်း လာကြတယ်။ အကြောင်းအရာ ရည်ရွယ် ချက်တွေကို တစ်ပါတည်း ပယ်ချ ပစ်လိုက်တယ်။ အဓိပ္ပာယ်နဲ့ မရင်းနှီးအောင် ပြုလုပ်လာတယ်။ ပရမတ္ထ သဘောကို ဂရုမမူတာတွေ၊ အဓိပ္ပာယ်ကို ဘာသာ စကားက လွှမ်းမိုး ချုပ်ကိုင်လာတာတွေဟာ ခေတ်ပြိုင် ကဗျာနဲ့ ပတ်သက်ပြီး သတိထားမိတာတွေလို့ ဆိုရပါမယ်။
စိုးမင်းအောင်။ ။ XမှာရောY မှာရောPoetic ပိုင်းဆိုင်ရာတွေ၊ Ideology ပိုင်းဆိုင်ရာတွေကို စိတ်ဝင်စားတဲ့ သူက ပြောပါလိမ့်မယ်။ ကျွန်တော့်သဘော ကတော့ ကဗျာ အနုပညာ ဖန်တီးမှု သက်သက်ပဲ လုပ်မယ်ဆိုပြီး မရှိပါဘူး။ ဒီကဗျာ စကားဝိုင်းကို လာခြင်းကလည်း ကျွန်တော် ကဗျာ အနုပညာ ဖန်တီးမှု အပြင် ကဗျာနဲ့ ပတ်သက်တဲ့ မည်သည့် ကိစ္စမဆို အပြန်အလှန် ပြောဆို ဖလှယ်ဖို့ လာခြင်းပဲ ဖြစ်ပါတယ်။ လက်ရှိ အာရုံ တိမ်းညွတ်နေတဲ့ ကဗျာ့ဗေဒ ဆိုရင်တော့ သီးခြားတစ်မျိုး တစ်စားတည်း အာရုံ တိမ်းညွတ်နေတဲ့ အခြေအနေ ကျွန်တော့်မှာ မရှိပါဘူး။
လင်းသဏ်ညီ။ ။ Poetic တွေ၊ deology တွေ ကတော့ ဘယ်ခေတ်ဘယ် ကာလမှာ မဆို ပြောဖို့ စိတ်ဝင်စားသူ၊ စိတ်မ၀င်စားသူ နှစ်မျိုးလုံး ရှိမှာပဲ။ ပြောနိုင်တဲ့သူ စိတ်ဝင်စားတဲ့ သူက ပြောပေါ့။ ကဗျာတွေ အပြောင်းအလဲ လုပ်ဖို့ ကြိုးစားနေကြတဲ့ ခုလိုကာလမှာတော့ ကဗျာဗေဒတွေ အပေါ်လည်း အာရုံ စိုက်ဖို့ လိုမယ် ထင်ပါတယ်။ ကဗျာဖွံ့ဖြိုးမှုကလည်း ကဗျာချည်းသက်သက် ဖြစ်တည်လာတာလား။ သူနဲ့အတူ ခေတ်ပြိုင် အနေအထား၊ လူနေမှုစနစ်၊ ကဗျာ အယူအဆတွေပါ တွဲလျက် ပါလာသလားဆိုတာ စဉ်းစားစရာပါ။ အများစုကတော့ ကဗျာတွေသာ ရေးပြီး ကဗျာ အကြောင်း ပြောရမှာ ရွံ့ကြတယ်။ လူငယ်တွေ အနေနဲ့တော့ ပြောသင့်တယ် ထင်ရင်တော့ ပြောကြစေ လိုပါတယ်။ ကိုယ်ပြောနိုင်သလောက်ပေါ့။ ဝေဖန်ရေး ဆရာတွေကိုချည်းပဲ လက်ညှိုး ထိုးပြ
နေလို့ မရတော့ဘူး ထင်ပါတယ်။ လောလောဆယ် အာရုံ ကျနေတာကတော့ (Neo, Post and Other) နီယိုမော်ဒန်၊ ပို့စ်မော်ဒန် ကဗျာတွေထဲက တချို့။
ဇော်လူစိမ်း။ ။ ဘယ်လို သဘောသဘာဝတွေပဲ ရှိရှိ ကဗျာဆရာ ဖြစ်နေတာနဲ့တင် နီးပါတယ်။ ကွဲလွဲမှု သိပ်မရှိပါဘူး။ တစ်ဦးချင်း ကိစ္စကတော့ဗျာ လူသန်း ၅၀၀ ရှိလည်း သန်း ၅၀၀ အတိုင်းပဲ ကွဲလွဲချက် ရှိနေတာ။ ဖြစ်စဉ်အပေါ်မှာသာ သွားငြိနေကြတာ။ လူငယ်ဘက်ကနေ ပြောရရင် ကျွန်တော်တို့မှာ အသံရှိတယ်။ ဒါ ဘယ်လိုမှ နင်းခြေလို့ မရတဲ့ အသံတွေပဲ။ လူငယ် တစ်ယောက်ရဲ့ ကဗျာ ဆိုတာကလည်း အဲဒီ အသံကို ကိုယ်စား ပြုနိုင်တာပဲ။ လက်ရှိ ကျွန်တော့် တိမ်းညွတ်ချက်ကတော့ ကိုယ့်အသံကို ကိုယ်သနေရတာပါပဲ။ အများသုံးဖုန်း လိုမျိုးပေါ့။ ကျွန်တော်တို့ ကိုယ့်အသံကို ရွေ့ဖို့ ဒီကဗျာကိုပဲ ကောက်ကောက် ကိုင်နေရတာ။
အောင်ရင်ငြိမ်း။ ။ ကဗျာ အပြောင်းအလဲလုပ်ဖို့ ကြိုးစားကြတဲ့ အခါ တချို့က အနောက်တိုင်း ကဗျာ ဗေဒတွေကို မိတ္တူကူး သြဇာခံပြီး ရေးကြတယ်။ တချို့ ကတော့ ကိုယ့်ကဗျာဗေဒနဲ့ကိုယ်၊ ကိုယ့်အယူအဆနဲ့ ကိုယ်လုပ်ဖို့ စိတ်ကူး ရှိကြတယ်။ ညီလေးတို့ကရော။
မြတ်ဝေ။ ။ ကိုယ့်ကဗျာဗေဒနဲ့ကိုယ်၊ ကိုယ့်အယူအဆနဲ့ကိုယ် လုပ်ပါမယ်။ ကမ္ဘာကြည့် အနုပညာ မရှိဘူး ပြောရင် ပြောပါ။ အနောက်တိုင်း ကဗျာဗေဒ တွေကို မိတ္တူကူး သြဇာခံပြီး ရေးရမယ် ဆိုရင် မြန်မာ စကားမပြောဘူး။ မြန်မာ ကဗျာ မရေးဘူး။ မြန်မာစာပေနဲ့ အသက်မဆက်ဘူး။ အနောက်တိုင်း ယဉ်ကျေးမှုကို မယုံကြည်ဘူးဗျာ။ သူတို့ ကဗျာတွေကို ဖတ်ပါတယ်။ လေ့လာ ပါတယ်။ (လက်လှမ်းမီသလောက်ပေါ့။) ရင်ဘတ်ထဲ ရောက်မလာဘူး။ မြန်မာ ကဗျာမှာ “အသက်ဓာတ်လေး”ရှိတယ်။ မြန်မာကဗျာရဲ့ “အသက်ဓာတ်လေး”က ရင်ထဲ ၀င်ဝင်လာပြီး ကဗျာတွေ ထည့်ထည့် သွားတယ်။ မိတ္တူကူးပြီး တော့ မြန်မာကဗျာရဲ့ အသက်ဓာတ်လေး အပျက်မခံနိုင်ဘူးဗျာ။
လင်းသဏ်ညီ။ ။ ကိုယ်ကြိုက်တာ ကိုယ်လုပ်ကြပေါ့။ အနောက်တိုင်း ကဗျာ ဗေဒတွေထဲကလည်း ကိုယ်ကြိုက်ရင် ကိုယ့်အတွက် လိုအပ်ရင် ယူရမှာပဲ။ ကိုယ့်ကဗျာဗေဒနဲ့ကိုယ်၊ ကိုယ့်အယူအဆနဲ့ကိုယ် လုပ်နိုင်ရင်တော့ ပိုကောင်း တာပေါ့။ ဒါဟာလည်း ကိုယ်ပိုင် အမှတ် တံဆိပ် တစ်ခုကို ရှာဖွေတာပဲလေ။ ဆရာချောတို့ ဆရာ အောင်ချိမ့်တို့ အစောပိုင်း ကာလက မြန်မာ မော်ဒန်ကဗျာကို ဘယ်လို တည်ဆောက်ခဲ့သလဲ။ ကျွန်တော်တို့ ပြန်ကြည့်သင့်တယ်။ ကျွန်တော်တို့ ဘယ်လောက်မြင်နိုင်မလဲ။ ကျွန်တော်တို့ဆီကို ဘယ်လောက်ထိ ထပ်တွယ် လို့ရမလဲ။ ဘာတွေကို ဖယ်ထုတ်မလဲ။ ဟိုဘက်က အယူအဆတွေထဲကရော ကိုယ်နဲ့ ကိုက်ညီမယ်ထင်တဲ့ အရာတွေကို ပေါင်းစပ် ချဲ့ကားကြည့်ရင် ကျွန်တော်တို့ လျှောက်မယ့်လမ်းကို မျှော်မှန်းကြည့်နိုင်လောက်မယ် ထင်တယ်။ အခြား ပို့စ်မော်ဒန်၊L.P(Language Poetry) ကို စိတ်ဝင်စားတဲ့ လူငယ်တွေ၊ ခရေဇီ ဖြစ်တဲ့ လူငယ်တွေကတော့ သူတို့ လမ်းကြောင်း အတိုင်းသွားပေါ့။ “မြန်မာ ခေတ်ပေါ်ကဗျာသစ်”ဆိုတာတော့ ကျွန်တော်တို့ ကိုယ်တိုင် တည်ဆောက်မှ ရမယ့် လမ်းလို့ မြင်တယ်။ ကြီးကျယ်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ လူငယ် အချင်းချင်းကို ရည်ရွယ်ပြီး ပြောတာပါ။
စိုးမင်းအောင်။ ။ ကျွန်တော် မသိနိုင်သေးတဲ့ ကဗျာ နယ်ပယ်သစ်တွေဆီကို စူးစမ်းရင်း၊ ရှာဖွေရင်း၊ ပြုလုပ် ဖန်တီးရေးသားရင်း ကိုယ့်နှလုံးသားနဲ့ကိုယ် အသက် ရှင်ချင်ပါတယ်။ ကိုယ့်အသွေးအသားနဲ့ကိုယ် နေထိုင်ချင်ပါတယ်။ ကိုယ့်အရေပြားနဲ့ကိုယ် ဖြစ်တည်ချင်ပါတယ်။
မင်းသက်ဇဉ်။ ။ အနောက်တိုင်းက လာတဲ့ ကဗျာတွေဟာ သူ့နိုင်ငံ၊ သူ့ရေမြေ၊ သူ့လူမှု အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှု တစ်ရပ်ပါ။ ယဉ်ကျေးမှုတွေဟာ လည်း ကူးစက် ရောထွေးနေပါတယ်။ ကျွန်တော်က ရှိပြီးသားတွေကို ပေါင်းစပ် ရောထွေးဖို့ အားသန်တယ်။ သူတို့ဆီက ကောင်းတယ်လို့ ထင်တဲ့ ကျွန်တော် ကြိုက်တာတွေ ယူထားတယ်။ ကိုယ့် အယူအဆနဲ့ ကိုယ်ရပ်တည်တာတော့ အပြစ် မဟုတ်လောက်ပါဘူး။
သူရနီ။ ။ အရှေ့တိုင်း၊ အနောက်တိုင်းရယ်လို့ ကျွန်တော့် အနေနဲ့ မယူဆချင်ဘူး။ အားလုံး ဖြန့်ကြက်ဖို့တော့ လိုလိမ့်မယ် ထင်တယ်။ လက်ခံတာ၊ မခံတာ တစ်ပိုင်းပေါ့။ ကိုအောင်ရင်ငြိမ်း တေး ကဗျာမှာ နီယိုမော်ဒန်(သို့) အနာဂတ် ကဗျာဆိုပြီး ရေးတာကို ကျွန်တော် ဖတ်လိုက်ရပါတယ်။ “နိုင်ငံတစ်နိုင်ငံချင်းစီရဲ့ ခေတ်ပြိုင် သမိုင်းနောက်ခံ ချင်းမတူရင် အနုပညာ လက်ရာတွေနဲ့ ရုပ်ရည် သွင်ပြင်ကလည်း တူညီနိုင်စရာ အကြောင်း မရှိဘူး ဆိုတာလေ။ တကယ်လို့ တူညီနေမယ် ဆိုရင် နည်းပညာနဲ့ မိတ္တူကူး မျိုးပွားထားတဲ့ အနုပညာ တွေပဲ ဖြစ်လိမ့်မယ်”ဆိုတဲ့ စကားကို လက်ခံကောင်း လက်ခံပါတယ်။ ဒီနေရာမှာ ဆရာ မောင်ချောနွယ် ပြောသွားတဲ့ ပြည်တွင်းဖြစ် နိုင်ငံခြား အရက်ဆိုတာလေးက ဒီမေးခွန်းနဲ့ တစ်နည်း မဟုတ်တစ်နည်း ဆက်စပ်လိမ့်မယ် ထင်တယ်။
ဇော်လူစိမ်း။ ။ ကျွန်တော် အစောက ပြောသလိုပေါ့။ အချော ကိုင်ထားတဲ့ အိုင်ဒီယာတွေ ချပေးဖို့တော့ လိုတယ်ဗျာ။ အဲဒီလို မဟုတ်ရင် လူငယ် တွေ(အထူးသဖြင့် အပြောင်းအလဲ အကူးအသန်း တွေကြားထဲက လူငယ် ကဗျာရေးသူတွေ)ပဲ အမှိုက်တွေ ဖြစ်ကျန်ရစ်နိုင်တဲ့ အန္တရာယ်ရှိတယ်။ ဒါပေမယ့် ကဗျာရေးသူ လူငယ် အများစုကတော့ အခံ ကောင်းကြတယ်။ သူတို့ဓာတ်ခံနဲ့ ဒီက ရေခံ မြေခံနဲ့ ညီဖို့တော့ လိုတာပေါ့။ ကဗျာအပြောင်း အလဲဟာ ပင်မရေစီးထဲ ရောက်ဖို့ ဒါမှမဟုတ် ရေစီးအဖြစ် ဖော်ဆောင်နိုင်ဖို့ မျှော်လင့်ရင်တော့ ဒီလူငယ်တွေရယ်၊ ကဗျာကို ဖတ်ရှု ခံစားသူတွေ ရယ်၊ စာပေ အသိုက်အ၀န်းရယ် အားကောင်း ကောင်းတော့ လိုမှာပဲ။ ဒါက တင်သွင်းတာပဲ ဖြစ်ဖြစ်၊ ပြည်တွင်းဖြစ်ပဲဖြစ်ဖြစ် အပြောင်းအလဲ မှန်ကန်ဖို့ အဓိကပဲလို့ ယူဆတယ်။
(ဆက်လက်ဖော်ပြပါမည်)
အောင်ရင်ငြိမ်း
ဖူးငုံ
ဆယ်ကျော်သက်
Teen မဂ္ဂဇင်း
ဇန်န၀ါရီ၊ ၂၀၁၀

ကဗျာစကားဝိုင်း
Subscribe to:
Posts (Atom)